Bitcoin ၄၁၀ ထပ်ဝယ်လိုက်တာပါ

ကမ္ဘာပေါ်မှာ Bitcoin ကို ပထမဆုံးတရားဝင် ငွေကြေးအဖြစ် သတ်မှတ်ထားတဲ့ အယ်လ်ဆာဗေဒိုနိုင်ငံဟာ နောက်ထပ် Bitcoin ၄၁၀ ထပ်ဝယ်စုလိုက်ပြီလို့ ဆိုပါတယ်။ 

Bitcoin ဈေးတွေ ထိုးကျလာချိန်မှာ အယ်လ်ဆာဗေဒါအနေနဲ့ ဒေါ်လာ ၁၅ သန်းဖိုး ဝယ်လိုက်တာ ဖြစ်ကြောင်း သမ္မတနာယစ် ဘူကီလီက Twitter မှာ ပြောထားပါတယ်။ သူ့ Tweet ထဲမှာ "တချို့လူတွေဟာ တကယ့်ကို ဈေးပေါပေါနဲ့ ရောင်းနေကြတယ်" လို့ပါ သူက ရေးထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း Bitcoin ဈေး ဒေါ်လာ ၄၂၂၇၀ ကနေ ဒေါ်လာ ၃၅၀၀၀ အောက် ရောက်သွားချိန်မှာ ဗဟိုအမေရိကနိုင်ငံတစ်ခုဖြစ်တဲ့ အယ်လ်ဆာဗေဒိုဟာ Bitcoin ၄၁၀ ကို ဒေါ်လာ ၁၅ သန်း ပေးဝယ်လိုက်တာ ဖြစ်ပါတယ်။ 



Photo: crisisgroup


အယ်လ်ဆာဗေဒိုဟာ လက်ရှိမှာ Bitcoin ပေါင်း ၁၅၀၀ ကျော် ပိုင်ဆိုင်ထားတဲ့ နိုင်ငံဖြစ်နေပြီး ဒီနှစ်ထဲမှာ Bitcoin City စီမံကိန်းအတွက် ဒေါ်လာ ၁ ဘီလျံတန် ၁၀ နှစ်စာ Bitcoin Bond ငွေတိုက်စာချုပ်တစ်ခုလည်း ထုတ်ဖို့ ပြင်နေတယ်လို့ CoinDesk က ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလဆန်းပိုင်းကစပြီး အယ်လ်ဘာဗေဒိုဟာ ဒီဂျစ်တယ်ငွေကြေးတစ်မျိုးဖြစ်တဲ့ Bitcoin ကို အမေရိကန်ဒေါ်လာနဲ့အတူ တရားဝင်ငွေကြေးအဖြစ် လက်ခံကြောင်း ကြေညာခဲ့တာပါ။ ကမ္ဘာပေါ်မှာ Cryptocurrency ကို နိုင်ငံ့တရားဝင်ငွေကြေးအဖြစ် ပထမဆုံးလက်ခံခဲ့တဲ့ နိုင်ငံအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ 

တရားဝင်ငွေကြေးအဖြစ် Bitcoin ကို သတ်မှတ်ကြောင်း မကြေညာခင် တစ်ရက်မှာ အယ်လ်ဆာဗေဒိုအစိုးရအဖွဲ့ဟာ Bitcoin ၄၀၀ ကို ဒေါ်လာ သန်း ၂၀ ကျော် ပေးပြီး ဝယ်ယူခဲ့ပါတယ်။ Coin Marketcap အရ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ Bitcoin ဈေး ဒေါ်လာ ၆၆၀၀၀ ကျော် အထိ အမြင့်ဆုံးရောက်ခဲ့ပေမယ့် လက်ရှိမှာ ဒေါ်လာ ၃၆၀၀၀ ဝန်းကျင်ဈေးအထိ ကျဆင်းနေတယ်လို့ ဆိုပါတယ်။

Photo: Gadgets NDTV



အယ်လ်ဆာဗေဒိုအနေနဲ့ Bitcoin ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်တာအပြင် မီးတောင်စွမ်းအင်နဲ့ Bitcoin City တည်ဆောက်ခြင်း ၊ Bitcoin ATMs များ ထားရှိခြင်း ၊ နိုင်ငံသားများ Bitcoin ဝယ်ယူ လဲလှယ်ရောင်းဝယ်နိုင်ဖို့ Chivo ဆိုတဲ့ Bitcoin Wallet ဖန်တီးခြင်း ၊ Bitcoin Bond တွေ ထုတ်ခြင်းအားဖြင့် Bitcoin ငွေကြေးစနစ်ကို ဗျူဟာမြောက် လုပ်ငန်းစဉ်တစ်ခုအဖြစ် အကောင်အထည်ဖော်နေပါတယ်။ 

တစ်ဖက်မှာလည်း နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF က အယ်လ်ဆာဗေဒိုအနေနဲ့ Cryptocurrency ကို တရားဝင်ငွေကြေးအဖြစ် သတ်မှတ်လိုက်တာဟာ နိုင်ငံ့စီးပွားရေးအတွက် ကြီးမားတဲ့အန္တရာယ်တွေကို ဖြစ်ပေါ်စေမယ်လို့ သတိပေးထားပါတယ်။ အိန္ဒိယနဲ့ ရုရှားတို့ဟာ Cryptocurrency သုံးစွဲခြင်း ၊ Mining ထုတ်ခြင်း စတဲ့ လှုပ်ရှားမှုတွေ ပိတ်ပင်ဖို့ အဆိုပြုချက်တွေ လုပ်နေပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က