နေခြည်ဦးကတော့ ဖေ့စ်ဘွတ်ကနေ ပြန်တောင်းပန်လာတဲ့ ချစ်သူကို လက်မခံနိုင်သေးဘူးလို့ ဆိုပါတယ်။ လက်ရှိ ခံစားချက်ကတော့ အနုပညာအလုပ်တွေကို အကောင်းဆုံး လုပ်ချင်တယ်လို့ သူကပြောပါတယ်။
Photo: Amazing Grace
နေခြည်ဦးကတော့ လမ်းခွဲခဲ့ပြီးသား အချစ်ရေးကို ပြန်ဆက်ဖို့တော့ အစီအစဉ်မရှိသေးတာ တွေ့ရပါတယ်။ ချစ်သူက ဖေ့စ်ဘွတ်ပေါ်ကနေ ပြန်တောင်းပန်ခဲ့ပေမယ့် လက်ခံမှာ မဟုတ်ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’Post တင်တာ တွေ့လိုက်ရတဲ့အတွက်လည်း နေခြည်က ကိုယ့်ကိုယ်ကိုယ်တောင် သေချာသလားဖြစ်သွားသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နေခြည် လုံးဝ Strong ဖြစ်မှ ရမှာလေ။ နေခြည့် Fan တွေက သူ့ဘက် ပါနေတယ်။ ဘာကိစ္စမှန်းတော့ သူတို့ မသိသေးဘူး။ နေခြည့်ကို ချစ်တဲ့စိတ်နဲ့ ဒီ Relationship တစ်ခုကို သူတို့ မပြတ်စေချင်ဘူး။ နောက်ကွယ်က အကြောင်းအရာကို သူတို့မှ မသိတာ။ နေခြည့်ဘက်ကလည်း အလျှော့ပေးလိုက်ပါ့မယ်လို့ လုပ်လို့ရတယ်။ ဒါပေမယ့် ဒီအခြေအနေမှာ နေခြည့်ဘက်က No ဖြစ်နေတဲ့အတွက် သေချာပါတယ်’’ လို့ ဆိုပါတယ်။
Photo: Aung Nway Oo
အဲဒီနောက် ပူပူနွေးနွေး အသည်းကွဲခဲ့တဲ့ သူမကိုလည်း Chillies လေးတွေ မစိုးရိမ်ဖို့ နေခြည်ဦးက ပြောပြခဲ့ပါတယ်။ ချစ်သူ မရှိတဲ့ သူမအတွက်တော့ အလုပ်တွေကို စိတ်ပါလက်ပါ ကောင်းကောင်းလုပ်လို့ရပြီလို့ ဆိုပါတယ်။
‘’ နေခြည်က တကယ်အဆင်ပြေပါတယ်။ အသည်းတွေကွဲပြီးတော့ တစ်ခုခု ဖြစ်မှာကိုလည်း စိတ်မပူပါနဲ့။ နေခြည့်ကို အလုပ်ရယ်၊ အချိန်ရယ်က ကုစားသွားမယ်လို့ ယုံကြည်တယ်။ အသည်းကွဲပြီးသေတဲ့ မသာမရှိဘူး။ စိတ်ချ။ နေခြည်က ဘာမှမဖြစ်ဘူး ကိုယ့်ကိုယ်ကိုယ် ပိုပြီး လှအောင်နေတယ်။ ပွဲတွေဆိုရင်လည်း စိတ်ကို တက်တက်ကြွကြွ တက်ဖြစ်တယ်။ ကိုယ်ချပြချင်တဲ့ အနုပညာကိုလည်း ပိုပြီးတော့ အေးဆေးချပြလို့ရတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေ အခုမှ ပိုပြီးချပြခွင့်ရတယ်လို့ ထင်ပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့က Free Plus ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။
Photo: Aung Nway Oo
နေခြည်ဦးက လမ်းခွဲခဲ့ပြီးသား သူမရဲ့ အချစ်ရေးတွေမှာလည်း သစ္စာဖောက်ခံခဲ့ရတာတွေများတယ လို့ဆိုပါတယ်။ ဘုရားမှာ သစ္စာဆိုတာတွေကိုလည်း သူမအနေနဲ့ မနှစ်သက်ဘူးလို့ပြောပါတယ်။
‘’ တစ်ခါတလေကျလို့ရှိရင် ယောကျ်ားလေးပဲဖြစ်ဖြစ်၊ မိန်းကလေးပဲဖြစ်ဖြစ် ဘုရားမှာ သစ္စာဆိုကြတယ်။ နောက်ဘယ်တော့မှ မလုပ်ပါဘူးတွေပေါ့နော်။ ကိုယ့်ကိုယ်ကိုယ်တောင် ပိုင်ဆိုင်ဖို့၊ ကိုယ့်ကိုယ်ကိုယ်တောင် စိတ်နဲ့ကိုယ်နဲ့ကပ်အောင် မနည်းလုပ်နေရတဲ့အချိန်မှာ သူများစိတ်ကို ပိုင်ဆိုင်ဖို့က ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ ဘဝမှာလည်း သစ္စာဖောက်ခံရတာတွေက အရမ်းများလာတော့ နောက်ပိုင်းအချစ်တွေ ကျရင်တော့ အရှေ့ဆုံးမှာ နေခြည့်ကို ထားပေးရင် ကျေနပ်ပြီ’’ လို့ ဆိုပါတယ်။
Photo: Aung Nway Oo
နေခြည်ဦး(Nay Chi Oo)ကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ ရုပ်ရှင်ဇာတ်ကားအပြင် နောက်ထပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်မှာတော့ မြန်မာလူမျိုး ဂျပန်အဆိုတော်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းနဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။
Share