တောဆင်ရိုင်းတွေ အသတ်ဖြတ်မခံရဖို့ ကာကွယ်ပေးနေသူကို ဇူလိုင်လအတွက် ချီးကျူးဂုဏ်ပြုထိုက်သူအဖြစ်နဲ့ အတိုင်ပင်ခံရုံးကနေ ရွေးချယ်လိုက်ပါတယ်။
ဦးကျော်မြင့်ထွန်း(ခေါ်) ဦးထွန်းလေးက တောဆင်ရိုင်းတွေသတ်ဖြတ်ခံရမှုကနေ ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေ၊ ဆင်သတ်တရားခံတွေဖမ်းဆီးတဲ့လုပ်ငန်းတွေမှာ သက်ဆိုင်ရာအဖွဲ့အစည်း၊တပ်ဖွဲ့တွေနဲ့ ပါဝင်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးကျော်မြင့်ထွန်းကို ဆင်သတ်တရားခံတွေ ဖမ်းဆီးပေးရာမှာကူညီခဲ့တာကြောင့် မြို့နယ်အဆင့်ဂုဏ်ပြုဆုနဲ့ ဆင်ထိန်းသိမ်းရေး သူရဲကောင်းဆုတို့ကို လည်း ပေးအပ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
၂၀၁၁ ကနေစပြီးတော့ ဆင်စွယ်နဲ့ ဆင်နှာမောင်းတွေတရားမဝင်ရောင်းဝယ်တာတွေကြောင့် တောဆင်ရိုင်းသတ်ဖြတ်ခံရမှုတိုးပွားနေပြီးတော့ ၂၀၁၃ ခုုနှစ်ကနေစတင်ပြီးတော့ တောဆင်ရိုင်းတွေရဲ့ အစွယ်၊နှာမောင်းတွေအပြင် သားရေ၊အသားတွေ ရဲ့ တရားမဝင်ရောင်းဝယ်မှုတွေရှိနေပါတယ်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၈ ခုနှစ်အထိ တောဆင်ရိုင်း ၅၉ ကောင်သတ်ဖြတ်ခံခဲ့ရတယ်လို့ သိရပါတယ်။