ရွှေတိဂုံစေတီတော်မှာ ရွှေသင်္ကန်းတွေကပ်လှုပူဇော်ရာမှာ ရွှေစင်ရွှေပြားတစ်ကျပ်သားတစ်ချပ်လျှင် ငွေကျပ် ရှစ်သိန်းတစ်သောင်းနဲ့ ဈေးနှုန်းသတ်မှတ်အလှုခံရာကနေ ရွှေဈေးမြင့်တက်မှုကြောင့် ရွှေတစ်ကျပ်သားကို ဆယ်သိန်းနှုန်းနဲ့ ဈေးနှုန်းသတ်မှတ်အလှုခံမယ်လို့ ရွှေတိဂုံဂေါပက အဖွဲ့ကနေ မတ်လ ၂၂ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
လက်ရှိအခြေအနေတွင် ၁၆ ပဲရည်ရွှေစင်တစ်ကျပ်သားရဲ့ ဈေးနှုန်းက ကျပ်ဆယ်သိန်းကျော်ကို ရောက်ရှိနေတာကြောင့် ရွှေစင်ရွှေပြားတစ်ကျပ်သား ကပ်လှုတိုင်း ရွှေသင်္ကန်းတော်အလှုရငွေကနေ စိုက်ထုတ်သုံးရတဲ့ ငွေကြေးပမာဏက များပြားလာလျက်ရှိတယ်လို့ ဂေါပက အဖွဲ့ကကြေငြာချက်ထုတ်ပြန်ထားပါတယ်။
“ ထုတ်ပြန်ချက်ကို လိုချင်ရင်တော့လာယူလိုက်ပါ။ရွှေဈေးတက်လို့ ပေါ့ဟာ ” လို့ ရွှေတိဂုံစေတီတော် ရုံးအဖွဲ့မှုး ဦးထွန်းအောင်ငွေက Duwun ရဲ့ ဖုန်းနဲ့မေးမြန်းချက်ကို ဖြေကြားခဲ့ပါတယ်။ ရှေးယခင်ကလည်း ပြင်ပကာလပေါက်ဈေးနဲ့ အလှုခံနှုန်းထားကွာခြားမှုရှိလာရင် တိုးမြှင့်အလှုခံရတဲ့ အစဉ်အလာတွေရှိခဲ့တယ်လို့ ဂေါပကအဖွဲ့က ထုတ်ပြန်ထားပါတယ်။
၂၀၁၉ မေလ ၁ ရက်နေ့က စပြီးတော့ ရွှေစင်ရွှေပြားတစ်ကျပ်သား တစ်ချပ်ကို ငွေကျပ် ၁၀ သိန်းနဲ့ ဈေးနှုန်းပြောင်းလဲသတ်မှတ် အလှုခံမယ်လို့ ကြေငြာထားတာဖြစ်ပါတယ်။ ရွှေတိဂုံစေတီတော်က ပြည်တွင်း၊ပြည်ပ ဘုရားဖူးလာရောက်တဲ့ဧည့်သည်တွေအလာများဆုံးမြန်မာနိုင်ငံံရဲ့ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ကျပ် ၆၇ ဘီလျံနဲ့ အမေရိကန်ဒေါ်လာ ၁၅.၂ သန်းအလှုငွေအဖြစ်ကောက်ခံရရှိခဲ့တယ်လို့ ၂၀၁၈ ခုနှစ်မှာ တိုင်းလှုမှုရေးဝန်ကြီးဦးနိုင်ငံလင်းက တိုင်းလွှတ်တော်မှာဖြေဆိုထားပါတယ်။