ရှေးခေတ်တုန်းက အိမ်ထောင်ဘက်ရွေးရင် မိဘတွေကို အရင်လေ့လာပြီးမှ ရွေးကြတယ်လို့ ဒေါ်နွဲ့နွဲ့စန်းက ပြောပါတယ်။ ဒီနေ့ခေတ်ကတော့ အခုမြင်၊ အခုကြိုက်၊ အခုလိုက်သွားကြတာပဲလို့ သူကဆိုပါတယ်။
ဝါရင့်သရုပ်ဆောင် မင်းသမီးချောကြီး နွဲ့နွဲ့စမ်းကတော့ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးမှာ အချစ်ရေးတွေလည်း ပြောင်းလဲလာတာ တွေ့ရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ခေတ်လူငယ်တွေအတွက် စကားလက်ဆောင်ပါးချင်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
“ခေတ်သစ် လူငယ်တွေက နံပတ် ၁၊ တည်ကြည်ရမယ်၊ သည်းခံရမယ့် ဇွဲ၊ လုံ့လ၊ ဝီရိယ ရှိရမယ်လို့ အမေတို့က မှာချင်ပါတယ်။ ရဲတာကတော့ အမေ မမှာချင်ဘူး ရဲရဲတောက်ဟေ့ ဒို့ဗမာလိုဖြစ်နေပြီ။ ဒါပေမယ့် သည်းခံဖို့၊ ကြိုးစားဖို့၊ သနားဖို့၊ ညှာတာဖို့၊ မြန်မာအမျိုးသမီးဆိုတာ မမေ့ဖို့ပဲ။ မြန်မာ့ယဉ်ကျေးမှုတွေကို ထိန်းသိမ်းနိုင်တဲ့ သားကောင်း၊ သမီးကောင်းတွေ ဖြစ်ပါစေလို့ ဆုတောင်းပါတယ်” ဆိုပြီးတော့ ဇန်နဝါရီလ ၂၃ ရက်နေ့ မနက်ပိုင်းက သရုပ်ဆောင်ဆောင်းယွန်းစံရဲ့ မွေးနေ့အလှူကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
ဒေါ်နွဲ့နွဲ့စန်းကတော့ အခုဆိုရင် အသက် ၈၀ အရွယ်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အမေတို့ ခေတ်မှာ အိမ်ထောင်ဘက်ရွေးမယ်ဆိုရင် မိဘတွေကို အရင်ကြည့်ပြီးမှ အချစ်ရေးကို စဉ်းစားကြတာလို့လည်း ပြောပြခဲ့ပြန်ပါသေးတယ်။
“ အမေတို့ခေတ်တုန်းကဆိုရင် သမီးတစ်ယောက်ကို လိုချင်ရင် အမေကို အရင်ဆုံးကြည့် ရတယ်။ ယောကျ်ားယူမယ်ဆိုရင်လည်း သူ့အဖေကို ကြည့်ရတယ်လေ။ အဖေကောင်းမှ သူတို့ တော်မှာလေ၊ အမေ တော်မှ သူတို့ ကောင်းမှာပေါ့။ အခုခေတ်ကျတော့ အဲဒီလို မဟုတ်တော့ဘူး အခုမြင်၊ အခုကြိုက်၊ အခုလိုက်သွားကြတာပဲ။ ကျေနပ်စရာကြီးပါအေ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။
ဒေါ်နွဲ့နွဲ့စမ်းကတော့ အဖြူအမဲ ရုပ်ရှင်ခေတ်ကတည်းက အနုပညာအလုပ်တွေ လုပ်ဆောင်လာတဲ့သူဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အဖြစ်သာမက အငြိမ့်မင်းသမီးတစ်ယောက်အဖြစ်နဲ့ပါ အောင်မြင်ကျော်ကြားသူ တစ်ယောက်ပါ။ ပြည်ပနိုင်ငံမှာ ပထမဆုံး သွားရောက်ကပြခဲ့ရတဲ့ အငြိမ့်မင်းသမီးဖြစ်လို့ ဘိလပ်ပြန် နွဲ့နွဲ့စန်း လို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၆၀ ကျော်ရှိပါပြီ။ ဒီနေ့ ဒီအချိန်ထိ အနုပညာအလုပ်တွေ လုပ်နေတဲ့ ဝါရင့် မင်းသမီးချောကြီး တစ်ယောက်ဖြစ်ပါတယ်။