အဆိုတော် စန္ဒီမြင့်လွင်က ချစ်သုဝေရဲ့ သမီးလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့လိုု ချစ်စရာကောင်းတဲ့ ကလေးလေးမွေးချင်တယ်ဆိုပြီး ပြောထားပါတယ်။
ရင်သွေးလေးလွယ်ထားရပြီဖြစ်တဲ့ အဆိုတော် စန္ဒီမြင့်လွင်က ချစ်သုဝေတို့အိမ်သွားလည်ရင်း ခေတ်နဲ့သစ်တို့နဲ့ တွေ့ဆုံခဲ့ပါတယ်။ အကုန်လုံးက ခေတ်နဲ့သစ်နဲ့ ဓာတ်ပုံလေးတွေ တွဲရိုက်နေကြပေမယ့် သူမကတော့ အခုမှ ဓာတ်ပုံတွဲရိုက်ခွင့်ရတယ်ဆိုပြီး စန္ဒီမြင့်လွင်က ပြောထားပါတယ်။
“တီတီဒီဒီ ကတော့ခေါတ်သစ်လေးတွေနဲ့ခုမှပဲဓါတ့်ပုံရိုက်ရတော့တယ် တစ်လောကလုံးမှာနောက်အကျဆုံး” ဆိုပြီး ဇန်နဝါရီ (၁၉) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားတာပါ။
ချစ်ဖို့ကောင်းလွန်းတဲ့ ခေတ်၊သစ်နဲ့ ဓာတ်ပုံရိုက်ရင်း သူမလည်း ဒီလိုမျိုး ချစ်ဖို့ ကောင်းတာလေးတွေ မွေးချင်တယ်ဆိုပြီး ပြောထားပါသေးတယ်။ သူမရဲ့ ပရိသတ်တွေကလည်း သူမကို အမြွှာလေးတွေ မွေးဖို့ အားပေးနေကြပါတယ်။ စန္ဒီမြင့်လွင်ရဲ့ ကိုယ်ဝန်လာ (၃)လကျော်ရှိလို့နေပါပြီ။ အိမ်ထောင်သက်တမ်း (၁)နှစ်ပြည့်တော့မယ့် အချိန်မှာ ရင်သွေးလေး ရခဲ့တာကြောင့် စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံ နှစ်ယောက်လုံး ပျော်လို့နေပါတယ်။
ရင်သွေးလေးရတဲ့အချိန်ကစပြီး ကလေးလေးအတွက် တွေးဖြစ်နေတာလေးကိုလည်း ပိုင်ဖြိုးသုရဲ့ မင်္ဂလာဆောင်ပွဲမှာ Duwun Media သို့ ယခုလို ပြောပြခဲ့ဖူးပါသေးတယ်။
“ရင်သွေးလေး ရပြီဆိုတော့ ပျော်တယ်။ ဘယ်လိုပြုစုပျိုးထောင်ရမလဲ ဘယ်လိုမျိုးဖြစ်မလဲဆိုတာ တွေးပြီး ရင်ခုန်နေတယ်။ ပျော်တယ်။ နဂိုကတည်းက ကလေးတစ်ယောက် လိုချင်နေတာဆိုတော့ အတော်ပါပဲ။ နှစ်ပတ်လည်ပြည့်ခါနီးမှာ ရသွားတော့ အတော်ပဲ ဖြစ်သွားတယ်။ သိတာကတော့ ကြာပြီ။ လနုတော့ မပြောဖြစ်သေးတာပါ။ နေသိပ်မကောင်းချင်ဘူး။မူးတယ်။ပင်ပန်းမခံနိုင်ဘူး။ ဘာလေးပဲ ဖြစ်ဖြစ် ချစ်မှာ” လို့ သူမက ဆိုပါတယ်။
စန္ဒီမြင့်လွင်တို့ ဇနီးမောင်နှံဟာ ရင်သွေးလေး တစ်ယောက်ပဲယူဖို့ စဉ်းစားထားပြီး ကလေးအတွက် Plan လေးတွေ စီစဉ်ထားတာတွေရှိတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီးတော့လည်း စန္ဒီမြင့်လွင်က သူမလိုချင်တဲ့ မိသားစုဘဝလေးအကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။
“ကလေးတစ်ယောက်ပဲ ယူဖို့ စိတ်ကူးထားတယ်။ ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်မယ်။ ကလေးလေးကို ဘယ်လိုပြုစုပျိုးထောင်မလဲဆိုတာလေး Plan လေးရှိတယ်။ အေးချမ်းပြီးတော့ ပျော်ရွှင်တဲ့ မိသားစုဘဝလေး ဖြစ်အောင် တည်ဆောက်မယ်။ အဲ့လိုလေး စိတ်ကူးထားပါတယ်"လို့ သူမကဆက်လက်ပြောပြခဲ့ပါတယ်။
စန္ဒီမြင့်လွင်ဟာ ချစ်သူ ကိုသီဟလွင်နဲ့ ၂၀၁၈ခုနှစ် မတ်လ(၄) ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်မှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ မင်္ဂလာလက်မှတ်ထိုးပွဲကို နှစ်ဖက်မိဘများနဲ့ ရိုးရိုးရှင်းရှင်းလေး ပြုလုပ်ခဲ့ပေမယ့် မတ်လ(၁၁) ရက်နေ့က ပြုလုပ်ခဲ့တဲ့ မင်္ဂလာဧည့်ခံပွဲကတော့ ဂီတနဲ့ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေနဲ့ စည်ကားခဲ့တဲ့ မင်္ဂလာဧည့်ခဲ့ပွဲတစ်ခု ဖြစ်ခဲ့ပါတယ်။
သူတို့မင်္ဂလာပွဲမှာ သတို့သား၊ သတို့သမီးအရံများအဖြစ် မင်းသွေး၊ အားတီ၊ X Box ၊ ဆန်းတိုးနိုင်၊ အေးမြတ်သူ၊ အိချောပို၊ မေမြင့်မိုရ်နှင့် ဂျင်းနီတို့ က ပါဝင်ကူညီခဲ့ပြီးသင်ဇာဝင့်ကျော်နှင့် စိုးပြည့်သဇင်တို့က ပန်းကြဲများအဖြစ် ပါဝင်ပေးခဲ့ကြတာပါ။အဲ့ဒီနောက် မင်္ဂလာညစာစားပွဲကို မတ်လ(၁၂) ရက်နေ့မှာ နိုဗိုတယ်ဟိုတယ်တွင် အနုပညာမောင်နှမများ၊ မိတ်ဆွေများနဲ့အတူ ပျော်ရွှင်စွာ ပြုလုပ်ခဲ့ပါတယ်။