ရဲတပ်ဖွဲ့ အပြင်းအထန် ဝေဖန်ခံနေရ

ဗစ်တိုးရီးယားအမှုတွဲဖိုင်ကို ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်မှုဟာ ကလေးသူငယ်ဥပဒေကို ဖောက်ဖျက်ကျုးလွန်နေပြီး အမှုဖွင့်သွားဖို့ရှိတယ်လို့ ဗစ်တိုးရီးယား ကိစ္စကိုကူညီဆောင်ရွက်ပေးနေသူ သက္ကမိုးညို(ခ) ဒေါက်တာဝင်းကိုကိုသိန်းက Duwun ကိုပြောပါတယ်။

Photo-သက္ကမိုးညို

“ ကျွန်တော်တို့ အမှုဖွင့်သွားဖို့ ဘယ်အချက်တွေနဲ့ ညိနေသလဲဆိုတာ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်သွားမယ်။ မိသားစုဝင်တွေကတော့ ဆောက်တည်ရမရဖြစ်နေတာပေါ့။ သူတို့သည် ကြောက်လို့မဟုတ်ဘူး။ သူတို့သမီးလေးရှေ့ရေးအတွက် အားလုံးကို ဖုံးဖုံးဖိဖိ လုပ်နေခဲ့တဲ့ကြားကနေ ဒီလိုလုပ်လိုက်တော့ ကူကယ်ရာမဲ့ ဖြစ်သွားရတာပေါ့” လို့ သက္ကမိုးညိုက ဆိုပါတယ်။

ဗစ်တိုးရီးယားအမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဒီကနေ့ ဒီဇင်ဘာ (၁၉) ရက်နေ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ရာမှာ ရဲမှူးချုပ်စိုးနိုင်ဦးက ဗစ်တိုးရီးယားဘယ်သူဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပြီး မကြာမီမှာ ပဲ ရဲဇာနည် ဖေ့ဘုတ်စ်ပေ့ချ်မှာ ဗစ်တိုးရီးယားအမှုတွဲကို တင်ခဲ့တာကြောင့် ဝေဖန်ရှုံချမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ ၉၆ (ဃ) အရ အမှုအခင်းမှာ ပါဝင်တဲ့ကလေးငယ်ရဲ့ အချက်အလက်တွေကို ဘယ်သူမှ ဖြန့်ချီထုတ်လွှင့်တာမျိုးမလုပ်ရဘူးလို့ ကြေညာထားတာကြောင့် ဒီဥပဒေကို ချိုးဖောက်တဲ့ရဲဇာနည် ပေ့ချ်ကို အရေးယူနိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က သုံးသပ်ပြောဆိုလိုက်ပါတယ်။

“ ဒီဟာက ကလေးသူငယ်ဥပဒေနဲ့လည်း ညိတယ်။နောက်ပြီး ၆၆ (ဃ)၊ နိုင်လွတ်လုံ ဥပဒေ နဲ့လည်း အရေးယူလို့ရနိုင်တယ်။ ဒီလိုတင်ခဲ့တဲ့ ရဲဇာနည် ပေ့ချ်ဟာ ရဲတပ်ဖွဲ့က သုံးတာမှန်တယ်ဆိုရင် တင်တဲ့သူကို အမှုဖွင့်အရေးယူဖို့ လိုတယ်” လု့ိ ဦးရောဘတ်ဆန်းအောင်က Duwun ကိုပြောပါတယ်။

၂၀၁၉ ခုနှစ် ကလေးသူငယ်ဥပဒေပုဒ်မ ၉၆ (ဃ) မှာ ဖော်ပြထားမှုအရ မည်သူမျှ ပြစ်မှုကျုးလွန်ကြောင်း စွပ်စွဲခံရသော ကလေးငယ် သို့မဟုတ် မှုခင်းမှာ သက်သေအဖြစ် ပါဝင်နေတဲ့ ကလေးသူငယ် မည်သူမည်ဝါဖြစ်ကြောင်းနှင့် မှုခင်းသတင်းအချက်အလက်များရယူခြင်း၊ ထည့်သွင်းခြင်းနဲ့ ကြော်ငြာခြင်း၊ ကလေးသူငယ်ကို ဓာတ်ပုံရိုက်ခြင်း၊ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်နဲ့ စာအုပ်စာတမ်း များမှာ ထည့်သွင်းခြင်း၊ ဖြန့်ချီခြင်း၊ အသုံးပြုခြင်းမပြုရ သို့မဟုတ် ရေဒီယို၊ရုပ်မြင်သံကြားနဲ့ လူမှုဆက်သွယ်ရေးနည်းလမ်းတွေမှာ ထုတ်လွှင့်ခြင်းမပြုရဆိုပြီး ဖော်ပြထားပါတယ်။

ဒီလိုပြစ်မှုကို ကျုးလွန်တယ်ဆိုရင် အနည်းဆုံး လေးလကနေ အများဆုံး တစ်နှစ်အထိ ထောင်ဒဏ်၊ ငွေကျပ်လေးသိန်းကနေ ခြောက်သိန်းအထိ ငွေဒဏ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေအရေးယူခံရနိုင်တယ်လို့လည်း သိရပါတယ်။

အခုတော့ ရဲဇာနည် ဖေ့ဘုတ်ပေ့ချ်မှာ သတင်းစာရှင်းလင်းပွဲ ဗိဒီယိုဖိုင်ရော၊ အမှုနဲ့ ပတ်သက်တဲ့ ဓာတ်ပုံစာရွက်စာတမ်းတွေကို ဖြုတ်ချထားတာတွေ့ရပါတယ်။

Share

Loading Next Article...
က္က