ဒဏ္ဍာရီမိုး ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင်တွေ့ရမှာပါ။

ဒေါင်းနဲ့ ရဲတိုက်တို့ရဲ့ သရုပ်ဆောင်မှုတွေကို ‘’ဒဏ္ဍာရီ မိုး’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ မြင်တွေ့ရတော့မှာပါ။ ဒေါင်းကိုယ်တိုင်ကလည်း ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို အတုယူတယ်လို့ ဆိုပါတယ်။

Photo: ဒဏ္ဍာရီမိုး

ဒေါင်း က ရဲတိုက်ရဲ့ သရုပ်ဆောင်မှုတွေကို သူတို့ကိုယ်တိုင်က အတုယူသင့်တယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ သူတို့ နှစ်ယောက်ရဲ့ သရုပ်ဆောင်မှုတွေကိုတော့ ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကား မှာ မြင်တွေ့ရမှာဖြစ်ပါတယ်။

‘’ကျွန်တော်တို့ အတုယူသင့်ပါတယ်။ သူဟာ သူ့ခံစားချက်တွေ၊ သူ့ရဲ့ စိတ်တွေနဲ့ ပတ်သက်ရင် တကယ်ဖြစ်နေတဲ့ အတိုင်းပဲ သရုပ်ဆောင်တာ။ အဲဒီအတွက် သူအရမ်းကောင်းပါတယ်’’ ဆိုပြီးတော့ ဇူလိုင်လ ၃ ရက်နေ့ ညက ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကား အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကားဟာ မြင်ဖူးနေကြမဟုတ်တဲ့ အချစ်ဇာတ်ကားဆန်းဆန်းလေးဖြစ်ပါတယ်။ ဒီဇာတ်ကားအပေါ် ဒေါင်းရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

‘’ အချစ်ဆိုတာကတော့ ရယူခြင်းတွေ၊ ပိုင်ဆိုင်ခြင်းတွေ၊ ပေးဆပ်ခြင်းတွေ အများကြီးနဲ့ ကိုယ့်ခံယူချက်တွေနဲ့ ဖြတ်သန်းကြတာဆိုတော့ ကျွန်တော်က ဒီဇာတ်ကားထဲမှာ အဲဒီလို ခံစားချက်တွေထဲကမှ တစ်ခုကို ဆုပ်ကိုင်ထားတဲ့လူတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ရင် ကျွန်တော် တစ်ကဒ်ခြင်းဆီ၊ ဇာတ်ဝင်ခန်း တစ်ခန်းခြင်းဆီကို သေချာပြင်ဆင်ပြီးမှ ရိုက်ကူးထားတာဖြစ်တဲ့အတွက် လုံးဝ အပြည့်အဝ ယုံကြည်တယ်’’လို့ ဆိုပါတယ်။

Photo: ဒဏ္ဍာရီမိုး

ဒေါင်းဟာ ‘’ ဒဏ္ဍာရီမိုး’’ ဇာတ်ကားထဲမှာ ဒီလှိုင်း ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကောင်က ဗီလိန် ကာရိုက်တာ ဖြစ်တာကြောင့်လည်း လက်ခံရိုက်ကူးဖြစ်တယ်လို့ ဆိုပါတယ်။

‘’ကျွန်တော်ကြိုက်လို့ပါ။ ဘာကြောင့်လဲဆိုတော့ ဒါက ကျွန်တော်မလုပ်ဖူးတဲ့ ကာရိုက်တာ တစ်ခုပဲလေ။ ကျွန်တော်မလုပ်ဖူးတဲ့ကာရိုက်တာတွေလည်း နောက်ထပ် အများကြီး ရှိဦးမှာပဲ။ အဲဒါတွေအထဲကမှ ဒါကတော့ ကျွန်တော်ရွေးချယ်လိုက်တဲ့ တစ်ခုပေါ့’’ လို့ သူကပြောပါတယ်။

ဒေါင်းနဲ့ ရဲတိုက်တို့ရဲ့ သရုပ်ဆောင်မှုတွေကိုတော့ ဇူလိုင်လ ၁၁ ရက်နေ့မှာ ရုံတင်ပြသမယ့် ‘’ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကားထဲမှာ ပထမဆုံးအကြိမ် မြင်တွေ့ရတော့မှာပါ။ သူတို့ နှစ်ဦးဟာ ဆာတိုရီရုပ်ရှင်ထုတ်လုပ်ရေးက စင်တင်လိုက်တဲ့ မင်းသားတွေလည်း ဖြစ်ပါတယ်။ ဒေါင်းကတော့ လက်ရှိမှာ မိန်းကလေး ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိနေတဲ့ မင်းသားချောလေးပါပဲ။

Share

Loading Next Article...
က္က