ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ရောဂါပိုးကူးစက်နိုင်ခြေမြင့်မားတဲ့ ကျန်းမာရေးဝန်ထမ်းတွေအပြင် ဈေးတွေ၊ ဘတ်စ်ကားတွေနဲ့ လူစုလူဝေးဖြစ်တဲ့နေရာတွေမှာ ကိုဗစ်-၁၉ရောဂါပိုးရှိ မရှိ ကျပန်းစစ်ဆေးသွားမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူညွန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ရောဂါပိုးရှိ မရှိ စစ်ဆေးပေးနိုင်ရန် ဦးစားပေးအုပ်စု (၆) ခုခန့် သတ်မှတ်ထားပြီး ရောဂါကူးစက်နိုင်ခြေများတဲ့ ဆေးရုံတွေမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်၊သူနာပြုနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဝန်ထမ်းတွေ၊ ကျန်းမာရေးမှူး၊ သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်တွေကို ပထမဦးစားပေး စစ်ဆေးပေးမယ်လို့ သိရပါတယ်။



ဒါ့အပြင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားနိုင်တဲ့ ဈေးတွေ၊ နှာခေါင်းစည်းတပ်တာ နည်းပါးတဲ့ နေရာတွေမှာ ရှိနေကြသူတွေ၊ အများပြည်သူဝန်ဆောင်မှုပေးတဲ့ ကညနဝန်ထမ်း၊ အုပ်ချုပ်ရေးဝန်ထမ်းတွေစတဲ့ နိုင်ငံ့ဝန်ထမ်းပေါင်းစုံ၊ ဘဏ်ဝန်ထမ်းတွေ၊ ဆိုက်ကား၊ ဘတ်စ်ကား၊ အဌားယာဉ် မောင်း အစရှိသဖြင့် လူအများစုနဲ့ ထိတွေ့ဆက်ဆံရသူတွေကို ဦးစားပေးစစ်ဆေးသွားမယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

“အဓိကက ရောဂါကူးစက်နိုင်ခြေများတဲ့ သူတွေပေါ့။ ကျန်းမာရေးဝန်ထမ်းတွေဆို ပိုးတွေ့နိုင်ခြေများတယ်။ ဒါကြောင့် လူအများစုပါဝင်အောင် စစ်သင့်တဲ့အုပ်စုကတော့ ကျန်းမာရေးဝန်ထမ်းတွေပဲ။ ဆေးရုံဝန်ထမ်းဆို သေချာတယ် ပိုးစစ်ရမယ်။ နောက်တစ်ခုက လူတွေနဲ့ အထိအတွေ့များတဲ့သူတွေ။တစ်ချို့နေရာတွေက မက်စ်တပ်ဖို့ ပြောလို့မရတာ၊ကိုဗစ်စည်းကမ်းလိုက်နာဖို့ အဆင်မပြေတာမျိုးတွေ ရှိနိုင်တယ်။ နောက်တစ်ခုက ရပ်ကွက်တွေထဲမှာ ပိုးတွေ့လူနာနဲ့ Contact ရှိခဲ့တာ၊ တစ်ဖက်နိုင်ငံနဲ့ အသွားအလာရှိခဲ့တဲ့သူတွေဆိုရင်လည်း သတင်းပေးပို့ရင် ကျွန်တော်တို့ စစ်ဆေးပေးမယ်” လို့ ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါပိုးဖြစ်ပွားမှုတွေ အစုလိုက်အပြုံလိုက် မြင့်တက်လာခဲ့ပြီးနောက်ပိုင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ရောဂါပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရန် လူအများနဲ့ ထိတွေ့မှုများပြားတဲ့ လူအုပ်စုတွေနဲ့ ကူးစက်နိုင်ချေမြင့်မားတဲ့ လူအုပ်စုတွေအတွင်း ကျပန်းစနစ်ရွေးချယ်ကာ ဓာတ်ခွဲစစ်ဆေးပေးသွားမယ်လို့လည်း ဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ရခိုင်ပြည်နယ်စစ်တွေမြို့ရှိ လူနာအမှတ်၃၇၅ က အစပြုပြီး ရောဂါပိုးတွေ့ရှိမှု ရုတ်တရက် တရှိန်ထိုးမြင့်တက်လာခဲ့ရာမှာ သြဂုတ်လ ၁၆ ရက်ကနေ ၂၇ ရက် မနက် ၈ နာရီအထိ ရခိုင်ပြည်နယ်မှာ ပိုးတွေ့လူနာ ၁၈၅ ဦးရှိခဲ့ရာမှာ ကျန်းမာရေးဝန်ထမ်း ဆယ်ယောက်ထက် မနည်းရှိခဲ့တယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က