"ကျွန်တော်တို့ ဥရောပက ထွက်ဖို့ လုံးဝဆန္ဒမရှိပါဘူး။ တကယ်ပါ"့

ဥရောပကနေ ထွက်ဖို့ လုံးဝဆန္ဒမရှိခဲ့ဘူးလို့ Meta က ဆိုပါတယ်။ 

ဒါဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက သတင်းတွေမှာ တက်ခဲ့တဲ့ ဥရောပတိုက်ကနေ Facebook နဲ့ Instagram ဝန်ဆောင်မှုတွေ ရုပ်သိမ်းမယ့်ဆိုတဲ့ ဖော်ပြချက်တွေကို ငြင်းဆိုလိုက်လာတာလည်း ဖြစ်ပါတယ်။ ဖျက်သိမ်းလိုက်တဲ့ အတ္တလန်တိတ်ဖြတ်ကျော် Privacy သဘောတူညီချက်ကို အစားထိုးဖို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂ EU အကြား သဘောတူညီမှု ယူသွားမလား ဝေဝါးနေချိန်မှာ Facebook နဲ့ Instagram တို့ ဥရောပတိုက်ကနေ ထွက်ခွာမယ့်အကြောင်း ခြိမ်းခြောက်ခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့တာပါ။ 




Photo: petapixel


နောက်ဆုံးသုံးလပတ်ဝင်ငွေရလဒ်အစီရင်ခံ ထွက်ရှိပြီးနောက် Meta ဘက်က အခုလို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ဥရောပသုံးစွဲသူအချက်အလက်များ အမေရိကန်ဆာဗာတွေထဲ လွှဲပြောင်းခွင့်မရှိရင် Facebook နဲ့ Instagram အပါအဝင် ကုမ္ပဏီရဲ့ အရေးပါဆုံး ထုတ်ကုန်တွေ ဥရောပမှာ ဆက်လက်အသုံးပြုနိုင်မှာ မဟုတ်ဘူးလို့ Meta ဘက်က သတိပေးခဲ့တာပါ။ 

ဒီပြောကြားချက်အပေါ် EU ထိပ်တန်းအာဏာပိုင်တွေ ဖြစ်တဲ့ ဂျာမန်စီးပွားရေးဝန်ကြီး ရောဘတ် ဟတ်ဘတ်ခ်နဲ့ ပြင်သစ်ဘဏ္ဍာရေးဝန်ကြီး ဘရူနို လီ မိုင်ရဲလ်တို့က မမှုကြောင်း ပြောခဲ့ပြီး EU ဥပဒေတွေကို မလိုက်နာရင် Meta ပိုင် လူမှုကွန်ရက်ပလက်ဖောင်းတွေ ပိတ်သွားမယ်လို့ ပြန်တုံ့ပြန်ခဲ့ပါတယ်။ 

ဒီလို တုံ့ပြန်ချက်တွေ ထွက်လာပြီးနောက်မှာ Meta ရဲ့ အများပြည်သူမူဝါဒရေးရာ ဒုဥက္ကဌ မားကတ်စ် ရိန်းနစ်ချ်က ဥရောပသမဂ္ဂကနေ ထွက်ခွာမယ်လို့ ခြိမ်းခြောက်မှုမလုပ်ခဲ့ကြောင်း ပြန်ငြင်းဆန်ပါတယ်။ 

"Meta ဟာ ဥရောပကနေ မထွက်ခွာချင်သလို ထွက်ခွာပါမယ်လို့လည်း ခြိမ်းခြောက်မှု မလုပ်ပါဘူး။ အဲလို လုပ်ပါတယ်လို့ ဖော်ပြနေတဲ့ သတင်းတွေကလည်း မမှန်ပါဘူး။ တခြား EU နဲ့ အမေရိကန်ကုမ္ပဏီ ၇၀ လိုပဲ ကျွန်တော်တို့လည်း နိုင်ငံတကာအချက်အလက် လွှဲပြောင်းရေး မသေချာမှုအပေါ် ကျရောက်လာမယ့် စီးပွားရေးအန္တရာယ်တစ်ခုကို ဖော်ပြခြင်းပဲ ဖြစ်ပါတယ်။" လို့ ရိန်းနစ်ချ်က ပြောပါတယ်။ 

Photo: Sky News


"ကျွန်တော်တို့ ဥရောပက ထွက်ဖို့ လုံးဝဆန္ဒမရှိပါဘူး။ တကယ်ပါ"လို့လည်း သူက ထပ်လောင်း ပြောပြန်ပါတယ်။ ထုတ်ပြ်နချက်တွေမှာ ရိန်းနစ်ချ်ဟာ သတင်းထွက်ခဲ့တဲ့ 'ခြိမ်းခြောက်မှု' ဆိုတဲ့ စကားကိုပဲ ဦးစားပေး ပြန်ရှင်းသွားခဲ့ပါတယ်။ Engadget သတင်းအရ Meta ကုမ္ပဏီဟာ အရင် Facebook နာမည်နဲ့တုန်းကလည်း အလားတူ ဥရောပဈေးကွက်နေ ထွက်ခွာမယ်ဆိုပြီး သတိပေးတာမျိုး လုပ်ခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

Share

Loading Next Article...
က္က