ရန်ကုန်ဆင်ခြေဖုံးဒေသတွေမှာ တရားဝင် ဆိုင်ကယ်စီးနင်းခွင့်ရဖို့ ဒဂုံမြို့သစ် ၄ မြို့နယ်ရှိ မော်တော်ဆိုင်ကယ် အသုံးပြုသူ ခြောက်ရာနီးပါးလောက် တောင်းဆိုမှု တွေ ပြုလုပ်ထားပါတယ်။
ရန်ကုန်မြို့ ဆင်ခြေဖုံးတစ်နေရာရှိ ဆိုင်ကယ်စီးနင်းနေသည့် မြင်ကွင်း ။
ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ဥပဒေနဲ့ အညီ မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးအတွက် မော်တော်ဆိုင်ကယ်အသုံးပြုသူတွေစုပေါင်းပြီး တောင်းဆိုပွဲကို မတ်လ ၁၁ ရက်က ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
“ ရန်ကုန်ဆင်ခြေဖုံးဒေသတွေမှာ ရှိတဲ့ ခရီးသွားလာဖို့ ခက်ခဲတဲ့နေရာတွေမှာ မော်တော်ဆိုင်ကယ်တရားဝင်စီးနင်းခွင့်ရဖို့ အတွက် ကျွန်တော်တို့ အဓိက တောင်းဆိုထားပါတယ်။ ကျွန်တော်တို့မြို့နယ်မှာဆိုရင် ဆိုင်ကယ်ကယ်ရီသမားတွေရှိတယ်။ဆိုင်ကယ်နဲ့ မိသားစုစားဝတ်နေရေးအတွက် ရုံးတက်ရုံးဆင်း လုပ်နေတဲ့သူတွေရှိတယ်။ တခြားစီးပွားရေးရှာနေတဲ့သူတွေရှိတယ်။ အားလုံးကို ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့အညီတရားဝင်မော်တော်ဆိုင်ကယ်စီးနင်းခွင့်ရရှိရေးကို တောင်းဆိုတာပါ” လို့ ဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ ဦးဆောင်တောင်းဆိုသူတစ်ဦး ဖြစ်တဲ့ တောင်ဒဂုံမြို့နယ်ရှိ ကိုဝင်းကျော်မောင်က Duwun ကို ပြောပါတယ်။
ရန်ကုန်မြို့ ဆင်ခြေဖုံးတစ်နေရာရှိ ဆိုင်ကယ်စီးနင်းနေသည့် မြင်ကွင်း ။
အဆိုပါ တောင်းဆိုပွဲကို ဒဂုံဆိပ်ကမ်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ကိုဇင်မင်းထွေးတတ်ရောက်ခဲ့ပြီး အမှန်တကယ် ဆိုင်ကယ်စီးနင်းဖို့ လိုအပ်နေတာကို တိုင်းဒေသကြီးလွှတ်တော်၊ ရန်ကုန်တိုင်းအစိုးရ ကို တင်ပြပေးသွားမယ်လို့ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ တရားဥပဒေနဲ့ အညီဆိုင်ကယ်စီးနင်းခွင့်ရရှိဖို့ အတွက် ဒဂုံဆိပ်ကမ်းမြို့နယ်၊ တောင်ဒဂုံမြို့နယ်၊ မြောက်ဒဂုံမြို့နယ်နဲ့ ဒဂုံ အရှေ့ပိုင်းမြို့နယ်တွေဆီက ပြည်သူတွေဆီကနေ လက်မှတ်တွေ ကောက်ခံထားပြီး ခြောက်ရာနီးပါးရှိနေပြီး အဆိုပါ ထောက်ခံမဲလက်မှတ်တွေကို လွှတ်တော်ကိုယ်စားလှယ်တွေအပြင် ရန်ကုန်တိုင်းလွှတ်တော်၊ တိုင်းဝန်ကြီးချုပ်၊ ပြည်ထဲရေးနှင့် နယ်စပ်ဒေသလုံခြုံရေးဝန်ကြီးဌာနတွေကို တင်ပြသွားမယ်လို့ သိရပါတယ်။
ဆိုင်ကယ်စီးနင်းမှုတွေကို ဖမ်းဆီးရာမှာ တရားမဝင်တာတွေရှိနေပြီး တစ်စီးကို သုံးသောင်းကနေ ခြောက်သောင်းအထိ အချင်းချင်းညှိပြီး ပြန်ထုတ်လို့ရနေတာတွေရှိနေတာကြောင့် နိုင်ငံတော်အခွန်မရတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။ ရန်ကုန်တိုင်းအတွင်းရှိ ဒဂုံမြို့သစ် (၄) မြို့နယ်နဲ့ လှိုင်သာယာနဲ့ ရွှေပြည်သာမြို့နယ်တွေမှာ တရားဝင်မှတ်ပုံတင်ပေးပြီးဆိုင်ကယ်စီးနင်းခွင့် အဆိုုကို ဖေဖော်ဝါရီ ၄ ရက်ကကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ပယ်ချခံခဲ့ရဖူးပါတယ်။
" လမ်းမပေါ် မတက်နဲ့ုဆိုလည်း မတက်ဘူးပေါ့။ ရပ်ကွင်းအတွင်းက ဈေးဝေး၊ ကျောင်းဝေးတဲ့နေရာတွေမှာ ဆိုင်ကယ်တွေကို တရားဝင်ပေးစီးသင့်တယ်လို့ ထင်ပါတယ်။ အားလုံးစည်းကမ်းရှိရှိနဲ့စီးကြမယ်ဆို ပိုကောင်းတာပေါ့" လို့ ဆင်ခြေဖုံးမြို့နယ်တစ်ခုက ဆိုင်ကယ်စီးနင်းသူတစ်ဦးက ပြောပါတယ်။