Photo - Monywa Gazette
ရွှေဘို အကျဉ်းထောင်မှာ ဒီနေ့ မေလ ၉ ရက်နေ့ မနက် ၄ နာရီလောက်ကစပြီး အကျဉ်းသားတွေ ဆူပူမှု ဖြစ်ပွားခဲ့လို့ တိုင်းဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်ဖြေရှင်းခဲ့ပေမယ့် ပြေလည်မှုမရခဲ့ဘူးလို့ ရွှေဘိုမြို့နယ် အုပ်ချုပ်ရေးမှူးက Duwun ကိုပြောပါတယ်။
ညှိနှိုင်းမှုမတိုင်ခင်ကလည်း အကျဉ်းသားတွေက တန်းတူရည်တူ အခွင့်အရေးမရရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကျဉ်းထောင်အတွင်း ဆူပူခဲ့ပြီးနောက် သက်ဆိုင်ရာ အာဏာပိုင်တွေက သေနတ်နဲ့ ပစ်ဖောက်ခဲ့ရာ အကျဉ်းသား (၄) ဦး သေဆုံးသွားခဲ့ပါတယ်။
လူမှုကွန်ရက်မှာ ပျံ့နှံနေခဲ့တဲ့ ဗီဒီယိုဖိုင်အရအကျဉ်းသားတွေဟာ သံပုံးတွေတီးပြီး “ မိုးအောင်ရင်လို လွတ်မြောက်ရေး တို့ အရေး”ဆိုပြီး အော်ဟစ်နေတာကိုတွေ့ရပါတယ်။
မေလ ၉ ရက်နေ့ မနက်ပိုင်းမှာ သာယာဝတီထောင်၊ သရက်ထောင်၊ ပုသိမ်ထောင်၊ မြစ်ကြီးနားထောင်၊ ကလေးထောင်၊ မော်လိုက်ထောင်၊ ရွှေဘိုထောင် စတဲ့ ထောင်မှာရှိတဲ့ အကျဉ်းသားတွေက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်ပြီး တန်းတူညီမျှရေး တောင်းဆိုမှုတွေပြုလုပ်နေကြပါတယ်။