ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံကဆင်းခွင့်ရထားတဲ့လူနာ နံပါတ်(၃၃)ဟာ ပင်ကိုယ်ရောဂါအခံကြောင့် အမောဖောက်လာတဲ့အတွက် ဝေဘာဂီဆေးရုံမှာ ဆေးကုသမှုပြန်လည်ခံယူနေရတယ်လို့ သိရပါတယ်။
လူနာက ရွှေပြည်သာမြို့နယ်က အသက်(၂၉)နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ကျန်းမာရေးကောင်းမွန်လာတာတဲ့အတွက် မေလ (၁)ရက်နေ့က ဆေးရုံကဆင်းခွင့်ရထားပြီး ဆေးရုံမှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်ခံနေတာဖြစ်ပါတယ်။
“ ဟုတ်ပါတယ်။ လူနာနံပါတ်(၃၃)က ICU ပြန်ဝင်သွားပါတယ်။ သူက နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့လို့ ဆေးရုံက ဆင်းခွင့်ရထားတဲ့ စာရင်းထဲပါထားတာ။ ဒါပေမယ့် လူနာမှာက အဆုတ်ရောဂါအခံရှိတယ်။ ရောဂါအခံရှိတော့ မနေ့ကစပြီး အမောဖောက်လာတယ် အောက်စီဂျင် ကျလာတဲ့အတွက် ICU ထဲပြန်ရောက်သွားတယ်။ ICU ထဲမှာဆိုတော့ စိုးရိမ်ရတဲ့ အနေအထားမှာရှိနေပါတယ်” လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက Duwun ကိုပြောပါတယ်။
လူနာ နံပါတ်(၃၃)က ဧပြီလ(၇)ရက်နေ့ကစပြီး ဖျားနာ၊ ချောင်းဆိုးတဲ့ လက္ခဏာတွေပေါ်ပေါက်ခဲ့လို့ ဧပြီလ(၁၁)ရက်နေ့မှာ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ ရောဂါပိုးတွေ့ရှိပြီးနောက်ပိုင်း စစ်ဆေးချက်အရ နှစ်ကြိမ်ဆက်တိုက်ပိုးမတွေ့ခဲ့လို့ ဆေးရုံကဆင်းခွင့်ရရှိခဲ့ပေမယ့် လက်ရှိမှာ ကျန်းမာရေးအခြေအနေက စိုးရိမ်ရတဲ့ အနေအထားမှာရှိနေတယ်လို့ သိရပါတယ်။ နိုင်ငံအတွင်း COVID 19 အတည်ပြုလူနာတွေထဲကနေ ဆေးရုံကဆင်းခွင့်ရပြီးနောက် ICU ခန်းမှာ ပြန်လည်ကြပ်မတ်ကုသမှုခံရမှုကတော့ လူနာနံပါတ် (၃၃)က ပထမဆုံးလူနာဖြစ်ပါတယ်။