လေယာဉ်ပျက်ကျခဲ့တဲ့ ဆာလာကို လေယာဉ်ပုံစံငယ် လက္ခဏာမျိုးပြုမူခဲ့တာဖြစ်ပြီး ဆောက်သမ်တန်အသင်းနဲ့ ရဲတပ်ဖွဲ့ကတော့ စော်ကားတဲ့ အပြုအမူအတွက် ထိန်းသိမ်းစစ်ဆေးနေတယ်လို့ ဆိုပါတယ်။
မနေ့က ကစားခဲ့တဲ့ ဆောက်သမ်တန်နဲ့ ကာဒစ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ သေဆုံးသွားခဲ့တဲ့ ကာဒစ်တိုက်စစ်မှူး ဆာလာကို ဆောက်သမ်တန်ပရိသတ် ၂ ဦးက စော်ကားတဲ့ အပြုအမူတွေ ပြုလုပ်ခဲ့ကြတယ်လို့ BBC SPORT သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ပွဲမစမီ ဆာလာအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ဆုတောင်းခဲ့ကြပေမဲ့ ကာဒစ်က ဆောက်သမ်တန်ကို ၂-၁ ဂိုးနဲ့ အနိုင်ရနေချိန်မှာတော့ ဆောက်သမ်တန်ပရိသတ် ၂ ဦးဟာ ဆာလာကို စော်ကားတဲ့ အပြုအမူမျိုးကို ပြုမူခဲ့တာလို့ ဆိုပါတယ်။
ဆောက်သမ်တန်ပရိသတ် ၂ ဦးဟာ လေယာဉ်ပျက်ခဲ့လို့ သေဆုံးခဲ့တဲ့ ဆာလာအတွက် ဝမ်းနည်းနေချိန်မှာ လေယာဉ်ပုံစံ အမှတ်အသားတစ်ခုကို ပြုလုပ်ပြီး လှောင်ပြောင်ခဲ့ကြတာ ဖြစ်ပါတယ်။
“ဒီလို အပြုအမူမျိုးအတွက် ကျွန်တော်တို့ကွင်းမှာ နေရာမရှိပါဘူး၊ ဘယ်လိုမှ သည်းခံပေးလို့ မရပါဘူး။” လို့ ဆောက်သမ်တန်အသင်းက တရားဝင် ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
လက်ရှိမှာလည်း ဆောက်သမ်တန်အနေနဲ့ အဆိုပါ ပရိသတ် ၂ ဦးကို ထိန်းသိမ်းထားနိုင်ပြီ ဖြစ်ပြီး ရဲတပ်ဖွဲ့က အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့လည်း BBC SPORT သတင်းဌာနက ဖော်ပြထားပါတယ်။
ဆောက်သမ်တန်အနေနဲ့ ၉၁ မိနစ်မှာ ချေပဂိုး ပြန်ရပေမယ့်လည်း ကံမကောင်းစွာပဲ ၉၅ မိနစ်မှာတော့ အနိုင်ဂိုး ပြန်လည်ခွင့်ပြုခဲ့ရလို့ ကာဒစ်က ၂-၁ ဂိုးနဲ့ အနိုင်ရရှိသွားတာပါ။