သေဆုံးသွားတဲ့ လူနာနံပါတ် ၃၉မှာ မိသားစုဝင် ၈ဦးရှိပြီး ၄ဦးမှာရောဂါပိုးတွေ့ရှိရကာ ကျန် ၄ဦးမှာတော့ မတွေ့ရ ဘူးလို့ သိရပါတယ်။
ပန်းပဲတန်းမြို့နယ် ၂၆လမ်းအောက်ဘလောက်က သေဆုံးသွားတဲ့ လူနာနံပါတ် ၃၉ရဲ့ မိသားစုဝင် ၈ဦးထဲက ၄ဦးမှာ ရောဂါပိုးတွေ့ရှိပြီး ကျန်၄ဦးမှာ ရောဂါပိုးမတွေ့ရှိရဘူးလို့ ပန်းပဲတန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးသန်းနိုင်ဦးက Duwunကိုပြောပါတယ်။
“သေဆုံးသွားတဲ့လူနာ နံပါတ် ၃၉ရဲ့ မိသားစုဝင် ၈ဦးအနက် ၄ဦးမှာ ရောဂါပိုးတွေ့ရှိတာပါ။ရောဂါပိုးမတွေ့ရှိတဲ့ နောက်ထပ် မိသားစုဝင် ၄ဦးကိုတော့ Facility Quarantine ထားရှိထားပါတယ်။”လို့ ဦးသန်းနိုင်ဦးက ပြောပါ တယ်။
ဒါ့အပြင် သေဆုံးသွားတဲ့ လူနာ နံပါတ် ၃၉ကို ဆေးကုသပေးခဲ့ဖူးတဲ့ ဆရာဝန်ကိုလည်း ဆေးစစ်မှုတွေ ပြုလုပ်ထား ပေမယ့် ဆေးစစ်ချက် အဖြေတော့ မသိရသေးဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ သေဆုံးသွားတဲ့လူနာ နံပါတ် ၃၉ရဲ့ ၂၆လမ်းအောက်ဘလောက်က မိသားစုနေအိမ်နဲ့ ဆေးကုသပေးခဲ့ဖူးတဲ့ ဆရာဝန်ရဲ့ ၂၅လမ်းအောက်ဘလောက်က ဆေးခန်းတွေကို အသွားအလာ ကန့်သတ်ထားပါတယ်။
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် ၁၀နာရီခွဲမှာ ရောဂါပိုးတွေ့လူနာ ၁၁ဦးရှိတယ်လို့ ထုတ်ပြန်ခဲ့ရာမှာ ပန်းပဲတန်းမြို့နယ်က ၄ဦးပါဝင်လာပြီး ရန်ကုန်မှာ စုစုပေါင်း ရောဂါပိုး တွေ့ရှိသူ ၅၉ဦးရှိလာကာ တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ရောဂါပိုးရှိသူ ၇၄ဦး ရှိပါပြီ။