အဖြေမှန်က ပေါ်လာမှာပါတဲ့။

ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခြင်း ခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(ဖေဖော်ဝါရီ၅ရက်) မှာ ဒုတိယအကြိမ် ရုံးချိန်းသို့ လာရောက်ခဲ့ပါတယ်။

အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ထို့ကြောင့် ဇန်နဝါရီ(၂၂) ရက်နေ့မှာ ဝေဠုကျော်ဟာ ပထမဆုံးအကြိမ် ရုံးချိန်းသို့ လာရောက်ခဲ့ပြီး ဒုတိယအကြိမ် ရုံးချိန်းအဖြစ် ဒီနေ့(ဖေဖော်ဝါရီ၅ရက်)မှာ ထပ်မံလာရောက်ခဲ့ပါတယ်။



ဒီနေ့ ရုံးချိန်းမှာ သင်္ကန်းကျွန်းမြို့နယ် တရားရုံးရဲ့ တရားသူကြီး အပြောင်းအရွှေ့ ရှိနေတာကြောင့် အမှုကို ဖေဖော်ဝါရီ(၁၉) ရက်နေ့မှာ စစ်ဆေးဖို့အတွက် ရုံးချိန်းရွှေ့ဆိုင်းလိုက်တယ်လို့ သင်းသင်းရဲ့ ရှေ့နေဖြစ်တဲ့ ဦးရောဘတ်စန်းအောင်က Duwun Media သို့ ပြောခဲ့ပါတယ်။

“တရားသူကြီးက ပြောင်းရွှေ့မိန့် ကျထားတယ်။ ဆိုတော့ စစ်ဆေးမယ်ဆိုရင်လည်း ပြီးဆုံးအောင်စစ်လို့မရဘူး။ နောက်တရားသူကြီး လာတဲ့အခါကျတော့ စွပ်စွဲခံရသူဘက်က အစက ပြန်စစ်ပေးပါဆိုလည်း အခက်အခဲဖြစ်နိုင်တယ်။ ဒါကြောင့် နှစ်ဖက်ရှေ့နေတွေက ရုံးကိုတင်ပြလိုက်တယ်။ အမှုကို (၁၉) ရက်နေ့ကို ရွှေ့ဆိုင်းဖို့ တင်ပြလိုက်ပါတယ်။ ပုံမှန်နှစ်ယောက်စလုံးလာကြတယ်။ အခက်အခဲမရှိပါဘူး။ အဆင်ပြေပါတယ်” လို့ ယနေ့ ရုံးချိန်းမှာပြောခဲ့တာ ဖြစ်ပါတယ်။

တရားလိုဘက်က ရှေ့နေအနေနဲ့လည်း ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားဖို့ရှိသလို သရုပ်ဆောင် ဝေဠုကျော်ဘက်ကလည်း အမှန်တရားအတိုင်း ရှေ့ဆက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

“ကျွန်တော်ကို နောက်တစ်ချိန်းပြန်ချိန်းလိုက်တယ်။ တရားရုံးပေါ် ရောက်လာပြီဆိုတဲ့အတွက် အချိန်ပေါ်မှာမူတည်ပြီး အဖြေမှန်က ပေါ်လာမှာပါ။ အမှန်အတိုင်းပဲ ရင်ဆိုင်သွားမယ်” လို့ ဝေဠုကျော်က ယနေ့ ရုံးချိန်းမှာ ပြောပြခဲ့ပါတယ်။

တရားစွဲဆိုသူ အလှမယ်သင်းသင်းနဲ့ စွဲဆိုခြင်းခံရတဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက ဖေဖော်ဝါရီ(၁၉) ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က