သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့ အလှမယ်သင်းသင်းက တရားစွဲဆိုထားတာဟာ ဒီနေ့(မတ်လ၈ရက်)မှာ (၂)လတိတိပြည့်သွားခဲ့ပါပြီ။ ဒီနေ့ ပြုလုပ်တဲ့ ၅ ကြိမ်မြောက် ရုံးချိန်းကို သရုပ်ဆောင် ဝေဠုကျော်နဲ့ အလှမယ်သင်းသင်းတို့ လာရောက်ခဲ့ပါတယ်။
ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ တရားစွဲဆိုခံထားရတဲ့ သရုပ်ဆောင် ဝေဠုကျော်ဟာ ဒီနေ့(မတ်လ၈ရက်) မှာ ၅ ကြိမ်မြောက် ရုံးချိန်းကို လာရောက်ခဲ့ပါတယ်။ သင်းသင်းက ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲဆိုထားတာက ဒီနေ့မှာ ၂လတိတိပြည့်သွားခဲ့ပါပြီ။ (၂)လအတွင်းမှာ ရုံးချိန်း (၅)ကြိမ် ရှိသွားခဲ့ပြီ ဖြစ်ပြီး လက်ရှိ အမှုအခြေအနေနဲ့ ပတ်သက်လို့ သရုပ်ဆောင် ဝေဠုကျော်က Duwun Media သို့ ယခုလို ပြောပြခဲ့ပါတယ်။
“သူတို့ဘက်က တင်ပြတာတွေကို တရားရုံးက မှန်မမှန် ပြန်စစ်နေတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကျွန်တော်ပြန်ဖြေရှင်းရမယ့် အလှည့်မရောက်သေးပါဘူး။ အသံဖိုင်(၅) ဖိုင်တင်ပြထားတာပါ။”လို့ သူက ဆိုပါတယ်။
အသံဖိုင်ကိုပြန်နားထောင်တဲ့ အချိန်မှာလည်း ခံစားရတဲ့ ခံစားချက်ကို ယခုလို ပြောပြခဲ့ပါသေးတယ်။
“ကျွန်တော်ကတော့ ဘယ်သူဖြစ်ဖြစ် တတ်နိုင်သမျှကူညီတယ်။ လူတွေကို ဖြစ်ထွန်းစေချင်တယ်။ ကိုယ်ကြိုးစားခဲ့ရတာတွေ ဖြတ်သန်းခဲ့ရတာတွေ လူတွေရဲ့ ဆုံးဖြတ်ချက် အတွေးအခေါ်ပေါ်မှာ ဘယ်လိုသွားကြတယ်ဆိုတာကို ပြောတာပါ။ ကျန်တာမရှိပါဘူး။ အခုချိန်ထိ ဘယ်သူ့ကိုမှ နစ်နာစေလိုတဲ့ ဆန္ဒ မရှိပါဘူးး” လို့ မီဒီယာတွေရဲ့ အမေးကို ဖြေဆိုခဲ့ပါတယ်။
ဆက်လက်ပြီး တရားစွဲဆိုထားတဲ့ အလှမယ်သင်းသင်းရဲ့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း အမှုနဲ့ပတ်သက်လို့ ယခုလို ပြောပြခဲ့ပါသေးတယ်။
တရားစွဲဆိုသူ အလှမယ်သင်းသင်းနဲ့ စွဲဆိုခြင်းခံရတဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ကို တရားရုံးက မတ်လ(၂၈) ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
အလှမယ် သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမ ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးအကြိမ် ရုံးချိန်မှာ သရုပ်ဆောင် ဝေဠုကျော်အတွက် မိဘများက သိန်း(၅၀)နဲ့ အချုပ်လွတ်အာမခံ ရယူသွားခဲ့တာဖြစ်ပါတယ်။