၂၀၁၈ ခုနှစ်က စလို့ ဂီတအလုပ်တွေ ပြန်လုပ်နေပါပြီ။

နောနော်က အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့တာကြောင့် အခုချိန်မှာ အရင်ကထက်ပိုကြိုးစားပြီး လုပ်သွားမယ်လို့ ဆိုပါတယ်။ ဂီတအလုပ်တွေ မလုပ်ဖြစ်တဲ့အချိန်မှာလည်း မှန်ကန်တဲ့ အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်စေနိုင်ဖို့ သင်တန်းတွေတက်ခဲ့တယ်လို့ သိရပါတယ်။

Photo: Dawaite

အဆိုတော် နောနော်ဟာ ၂၀၁၈ ခုနှစ်အတွင်းမှစပြီး ဂီတအလုပ်တွေ ပြန်လုပ်နေတာ တွေ့ရပါတယ်။ သူဟာ ဂီတအလုပ်တွေနဲ့ ၃ နှစ်ကျော် ဝေးကွာနေခဲ့တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ ကျွန်တော် ဂီတနဲ့ ဝေးသွားတယ်ဆိုတာက ကျွန်တော် သင်တန်းတစ်ခု တက်ပါတယ်။ အဲ့ဒါက ၃ နှစ်ကျော် ၄ နှစ်လောက်ပေါ့နော်။ အဲဒီလို ဝေးသွားတဲ့ အလျှောက် အခုချိန်မှာ ပိုပြီးတော့ ကြိုးစားနေပါတယ်။ သင်တန်းကတော့ အတွေးအခေါ်နဲ့ စိတ်ဓာတ်ကို မှန်ကန်အောင် တည့်မတ်ပေးနိုင်တဲ့ သင်တန်းပေါ့’’ လို့ သူကဆိုပါတယ်။

Photo: အေးဇော်မိုး

ဒီလို သင်တန်းတက်လိုက်ခြင်းအားဖြင့် ပြောင်းလဲမှုတွေ ရရှိခဲ့တယ်လို့ နောနော်က ပြောပါတယ်။ ပြောင်းလဲမှုတွေကိုလည်း 9Dream Show မိတ်ဆက်ပွဲကို တက်ရောက်လာရင်း သူကိုယ်တိုင် ဖြေဆိုခဲ့ပါတယ်။

‘’ တော်တော်တော့ ပြောင်းလဲသွားပါတယ်။ မောင်နှမချင်းလည်း ကိုယ်ချင်းစာတတ်လာတယ်။ သစ္စာတရားကို ချစ်တတ်လာတယ်။ လူတွေအားလုံး ငွေရေးကြေးရေး၊ ကျန်းမာခြင်း၊ အောင်မြင်ချင်းတွေ လိုအပ်တာပဲလေ။ အဲဒါက ဘယ်မှာရနိုင်မလဲ၊ ရပြီးတော့လည်း ဘယ်လောက်ခိုင်မြဲနိုင်မလဲ၊ ကျွန်တော်သိခဲ့တယ်’’ လို့ ဆိုပါတယ်။

Photo: အေးဇော်မိုး

နောနော်ဟာ အရင်က မူးယစ်ဆေးဝါး သုံးစွဲခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သင်တန်းတက်ပြီးတဲ့ နောက်မှာတော့ မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သိရှိခဲ့ရတဲ့အကြောင်းတွေကိုလည်း ဆက်လက် ဖြေဆိုခဲ့ပါတယ်။

‘’ပြီးတော့ လူငယ်တွေမှာ မူးယစ်ဆေးကိစ္စတွေ ဖေ့စ်ဘွတ်မှာ ပွနေတာပဲ။ အဲဒီမူးယစ်ဆေးကို ဘယ်လို ရှောင်ရှားလို့ ရနိုင်မလဲ ကျွန်တော်သိခဲ့ရတယ်။ ပြီးတော့လည်း တခြား လူငယ်တွေအပေါ် မူးယစ်ဆေးဝါးကို ဘယ်လိုရှောင်ရှားရမယ်ဆိုတဲ့အကြောင်း ကျွန်တော်သိထားတာကို ပြန်မျှဝေပေးတယ်’’ လို့ သူကဆိုပါတယ်။

Photo: JANAW Page

အဆိုတော်နောနော်က အနုပညာလှုပ်ရှားမှုအနေနဲ့ လက်ရှိမှာ ဂီတဖျော်ဖြေပွဲတွေ သီဆိုနေရပါတယ်။ ဒ့ါအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ ‘’ JANAW’’ အမျိုးသားသုံး မျက်နှာသစ်ဆပ်ပြာကိုလည်း ထုတ်လုပ်နေသူ ဖြစ်ပါတယ်။ နောနော်ဟာ ဇနီးဖြစ်သူ မအိအိဟိန်းနဲ့ ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့က Lotte Hotel မှာ မင်္ဂလာပွဲ ကျင်းပပြုလုပ်ခဲ့ပါတယ်။ 

Share

Loading Next Article...
က္က