တောင်တက်လမ်းပြအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကပင် ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၂၃ ကြိမ်မြောက်အဖြစ် အောင်မြင်စွာတက်ရောက်ခဲ့ပြီး အကြိမ်ရေအများဆုံး တက်ရောက်နိုင်သူအဖြစ် စံချိန်တင်ထားခဲ့တဲ့ နီပေါတောင်တက်လမ်းပြ ကာမီရီတာက တစ်ပတ်အတွင်း နောက်ထပ် စံချိန်သစ်တင်လိုက်ကြောင်း သိရပါတယ်။

(Photo: AFP/Getty Images)

မေ ၁၅ ရက်နေ့က ဧဝရတ်တောင်ထိပ်ကို ၂၃ ကြိမ်မြောက်အဖြစ် တက်ရောက်ခဲ့တဲ့ ကာမီရီတာက ယနေ့ (မေ ၂၁ ရက်) မှာလည်း ၂၄ ကြိမ်မြောက်အဖြစ် အောင်မြင်စွာတက်ရောက်ပြီး စံချိန်သစ်တင်ခဲ့ကြောင်း တောင်တက်ခရီးစဉ် စီစဉ်သူတွေက ပြောပါတယ်။

အသက် ၄၉ နှစ်အရွယ် နီပေါတောင်တက်လမ်းပြ ကာမီရီတာဟာ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို တစ်ပတ်အတွင်း နှစ်ကြိမ်တက်ရောက်ခဲ့သူလည်း ဖြစ်လာပါတယ်။ "ဒါက သမိုင်းဝင်ဖြစ်ရပ်ပါပဲ၊ ဒီမနက်မှာပဲ သူ စံချိန်သစ်တင်လိုက်ပြန်ပါပြီ၊ အိန္ဒိယရဲတပ်ဖွဲ့ဝင်တွေကို လမ်းပြပေးရင်း တောင်ထိပ်ကို နောက်တစ်ကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်" လို့ Seven Summit Treks မှ Mingma က ပြောပါတယ်။

(Photo: Science Photo Library)

တောင်တက်လမ်းပြအဖြစ် နှစ်ပေါင်း ၂၀ ကျော်ကြာ လုပ်ကိုင်လာခဲ့တဲ့ ကာမီရီတာက ပေပေါင်း ၂၉,၀၀၀ ကျော်မြင့်တဲ့ ကမ္ဘာ့အမြင့်ဆုံး ဧဝရတ်တောင်ထိပ်ကို ၁၉၉၄ ခုနှစ်မှာ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့ပါတယ်။ နီပေါနဲ့ ဟိမဝန္တာဒေသရှိ Sherpa မျိုးနွယ်စုဝင် ကာမီရီတာက ထိုအချိန်မှစပြီး ၂၅ နှစ်အတွင်း ဧဝရတ်တောင်အပြင် ကမ္ဘာ့အမြင့်ဆုံးတောင်များစာရင်းမှာပါဝင်တဲ့ K-2၊ Cho-Oyu၊ Manaslu နဲ့ Lhotse တောင်တွေကိုလည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

ကာမီရီတာက ယမန်နှစ် တောင်တက်ရာသီမှာ ဧဝရတ်တောင်ထိပ်ကို ၂၁ ကြိမ်မြောက်အဖြစ် တက်ရောက်နိုင်ခဲ့ပြီး အခြား Sherpa မျိုးနွယ်စုဝင် တောင်တက်သမားနှစ်ဦးနဲ့အတူ တင်ထားခဲ့တဲ့ စံချိန်ကိုချိုးကာ စံချိန်သစ်တင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ တောင်တက်သမားနှစ်ဦးကတော့ တောင်တက်ခြင်းကနေ အနားယူသွားခဲ့ပြီလို့ ဆိုပါတယ်။


(Photo: The Times)

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ဧဝရတ်တောင်ထိပ်ကို ၂၃ ကြိမ်မြောက် တက်ရောက်ခဲ့စဉ်ကတည်းက ကာမီရီတာဟာ ယခုနှစ် တောင်တက်ရာသီအတွင်း နောက်တစ်ကြိမ် ထပ်မံတက်ရောက်မယ်လို့ ပြောထားခဲ့ပါတယ်။ "ကျွန်တော် အရမ်းပျော်ပြီး ဂုဏ်ယူပါတယ်၊ ဒီရာသီမှာ တောင်ထိပ်ကို နောက်တစ်ကြိမ် တက်ရောက်နိုင်မယ် ထင်ပါတယ်" လို့ ကာမီရီတာက ထိုစဉ်က ဖုန်းဖြင့်ပြောကြားခဲ့ပါတယ်။

"ကျွန်တော် ကမ္ဘာ့စံချိန်တင်ဖို့အတွက် တောင်တက်တာမဟုတ်ပါဘူး၊ ကျွန်တော်က အလုပ်လုပ်နေတာပါပဲ၊ အရင်စံချိန်တွေ တင်နိုင်ခဲ့တယ်ဆိုတာတောင် ကျွန်တော် မသိပါဘူး" လို့ ပြီးခဲ့တဲ့လအတွင်း ဧဝရတ်တောင်ထိပ်ကို တက်ရောက်ရန်အတွက် အခြေစိုက်စခန်းမှာ ပြင်ဆင်မှုများလုပ်ဆောင်နေစဉ် ကာမီရီတာက ဖွင့်ဟခဲ့ဖူးပါတယ်။ 

(Photo: AFP)

ကာမီရီတာဟာ ၂၀၁၅ ခုနှစ်က ဧဝရတ်တောင် အခြေစိုက်စခန်းမှာ နှင်းထုနဲ့ကျောက်တုံးများ ရုတ်တရက် ပြိုကျလာမှုကြောင့် လူ ၁၉ ဦး သေဆုံးခဲ့စဉ်က ထိုနေရာမှာ ရှိနေခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်ဆိုးကြီးနောက်ပိုင်း ကာမီရီတာရဲ့ မိသားစုက ၎င်းကို တောင်တက်ခြင်းကနေ အနားယူရန် ဖိအားပေးတိုက်တွန်းခဲ့ကြတယ်လို့ ဆိုပါတယ်။ သို့သော် နောက်ဆုံးမှာတော့ ကာမီရီတာက ဧဝရတ်တောင်ကို တက်ရောက်ရန်ဆုံးဖြတ်ခဲ့ပါတယ်။

"ကျွန်တော် ၂၂ ကြိမ်တက်ရောက်ခဲ့ပြီးတဲ့ ဧဝရတ်တောင်အကြောင်း ကောင်းကောင်းသိပါတယ်၊ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော် ပြန်လာနိုင်မယ် ဒါမှမဟုတ် ပြန်မလာနိုင်တာမျိုးလည်း ဖြစ်နိုင်တယ်ဆိုတာ ကျွန်တော် သိပါတယ်၊ ကျွန်တော်က စစ်သားတစ်ယောက်လိုပါပဲ၊ နိုင်ငံရဲ့ဂုဏ်အတွက် တိုက်ပွဲဝင်ဖို့ ဇနီး၊ ကလေးတွေနဲ့ မိသားစုကို နောက်မှာချန်ထားခဲ့တဲ့ စစ်သားတစ်ယောက်လိုပေါ့" လို့ ပြီးခဲ့တဲ့အတွင်း AP သတင်းဌာနကို ပြောခဲ့ပါတယ်။

Share

Loading Next Article...
က္က