မြောက်ကိုရီးယားနိုင်ငံရဲ့ လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုတွေကို ယနေ့ (မတ်လ ၁၀ ရက်) မှာ ပြုလုပ်ကြောင်းသိရပါတယ်။ ယခု ရွေးကောက်ပွဲမှာ ကင်မ်ဂျုံအန်လက်ထက်မှာ ဒုတိယအကြိမ်မြောက်လို့လည်း ဆိုပါတယ်။
(၂၀၁၄ ရွေးကောက်ပွဲမှာ ကင်မ်ဂျုံအန် မဲပေးနေစဉ်) (Photo: Reuters)
မြောက်ကိုရီးယားမှာ Supreme People's Assembly (SPA) လွှတ်တော်အတွက် မဲပေးမှုကို ဥပဒအရ မဖြစ်မနေ လုပ်ဆောင်ရပြီး မဲဆန္ဒရှင်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ ရွေးချယ်စရာတော့ မရှိပါဘူး။ လွှတ်တော်ရွေးကောက်ပွဲ မဲပေးမှုအပေါ် သဘောထားကွဲလွဲမှုတွေလည်း မကြားခဲ့ဖူးကြောင်း သိရပါတယ်။
ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက်ဟာ အမြဲတမ်း ၁၀၀ ရာခိုင်နှုန်းနီးပါးရှိကြောင်းနဲ့ အစိုးရအဖွဲ့ကိုလည်း တညီတညွတ်တည်း ထောက်ခံကြတယ်လို့ ဆိုပါတယ်။ ကင်မ်ဂျုံအန်လက်ထက် ပထမအကြိမ် ရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် ၉၉.၉၇ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ထိုစဉ်က ပြောခဲ့ပါတယ်။
(Photo: ColinCrooks1/Twitter)
မြောက်ကိုရီးယားဟာ သီးခြားရပ်တည်နေတဲ့ နိုင်ငံဖြစ်ပြီး ကင်မ်မိသားစုက သားစဉ်မြေးဆက် အုပ်ချုပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံသားတွေဟာ လက်ရှိခေါင်းဆောင်နဲ့ မိသားစုကို အပြည့်အဝ ချစ်ခင်လေးစားမှု အလေးထားမှု သစ္စာရှိမှုကို ပြသရန်လိုအပ်တယ်လို့ သိရပါတယ်။ မြောက်ကိုရီးယားစတိုင်လ် ဒီမိုကရေစီ ရွေးကောက်ပွဲကို မည်သို့ပြုလုပ်လေ့ရှိကြောင်းကို BBC က ဖော်ပြထားပါတယ်။
မြောက်ကိုရီးယားရွေးကောက်ပွဲဆိုတာ
ငါးနှစ်တစ်ကြိမ် ကျင်းပပြုလုပ်တဲ့ မြောက်ကိုရီးယား ရွေးကောက်ပွဲနေ့မှာ အသက် ၁၇ နှစ်နဲ့အထက် နိုင်ငံသားတိုင်း မဖြစ်မနေ မဲပေးရပါတယ်။ သစ္စာစောင့်သိမှု လက္ခဏာတစ်ရပ်အဖြစ် မြောက်ကိုရီးယားတွေက မဲပေးရန်အတွက် စောစီးစွာလာရောက်လေ့ရှိပြီး လူတန်းရှည်ကြီးကို တွေ့နိုင်တယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ အခြေစိုက်နေထိုင်တဲ့ မြောက်ကိုရီးယားအရေး လေ့လာသုံးသပ်သူ Fyodor Tertitsky က ပြောပါတယ်။
(အမည်တစ်ခုတည်းသာပါရှိသည့် မဲလက်မှတ်) (Photo: ColinCrooks1/Twitter)
ထို့နောက် မဲပေးရမယ့်အလှည့်ရောက်ပါက နာမည်တစ်ခုတည်းသာ ရိုက်နှိပ်ဖော်ပြထားတဲ့ မဲလက်မှတ်ကို ရရှိမှာဖြစ်ပါတယ်။ အဆိုပါ မဲလက်မှတ်မှာ ရေးဖြည့်စရာ နေရာမပါရှိသလို အမှန်အမှတ်အသား ရေးခြစ်စရာ လေးထောင့်ကွက်ကိုလည်း တွေ့ရမှာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဆန္ဒမဲပေးသူဟာ မဲလက်မှတ်ကို ရယူပြီးနောက် အကာအကွယ်မရှိတဲ့ နေရာမှာထားရှိတဲ့ မဲပုံးအတွင်းထည့်လိုက်ရုံသာ ဖြစ်ပါတယ်။
(Photo: ColinCrooks1/Twitter)
မဲဆန္ဒရှင်အတွက် သီးသန့်မဲပေးနိုင်တဲ့ နေရာတစ်ခု ပြုလုပ်ပေးထားပေမဲ့ မဲလက်မှတ်ရယူပြီး အဆိုပါနေရာကို သွားရောက်ပါက ချက်ချင်း သံသယဝင်ခံရနိုင်တယ်လို့လည်း Tertitsky က ပြောပါတယ်။ ရွေးကောက်ပွဲပုံစံအရ မဲဆန္ဒရှင်ဟာ တစ်ဦးတည်းသာဖြစ်တဲ့ ကိုယ်စားလှယ်လောင်းအမည်ကို ကြက်ခြေခတ်ခြစ်နိုင်ပါတယ်။
သို့သော် ထိုသို့ လုပ်ဆောင်ခဲ့တဲ့ မဲဆန္ဒရှင်နောက်ကို လျှို့ဝှက်ရဲက လိုက်လာမှာဖြစ်ပြီးနောက် အဆိုပါ မဲဆန္ဒရှင်ဟာ စိတ်မနှံ့သူ ရူးသွပ်နေသူဖြစ်ကြောင်း သတ်မှတ်ကြေညာခံရနိုင်တယ်လို့ Tertitsky က ဆိုပါတယ်။ မဲပေးပြီးနောက် မဲဆန္ဒရှင်ဟာ နိုင်ငံခေါင်းဆောင်အတွက် မဲပေးရမှုကို ပျော်ရွှင်ကြောင်း ဖော်ပြရန်အတွက် မဲရုံအပြင်ဘက်ရှိ ကောင်းချီသြဘာပေး ကြွေးကြော်သူအုပ်စုမှာ ပါဝင်ရပါတယ်။
(Photo: ColinCrooks1/Twitter)
မြောက်ကိုရီးယား အစိုးရမီဒီယာက မဲရုံအပြင်ဘက်မှာ အတီးအမှုတ်၊ အကအခုန်တွေနဲ့အတူ အောင်ပွဲခံနေသူတွေရဲ့ ပုံရိပ်တွေကိုဖော်ပြပြီး ရွေးကောက်ပွဲနေ့ကို ပျော်ရွှင်စရာပွဲအဖြစ် ညွှန်းဆိုဖော်ပြလေ့ရှိပါတယ်။ မြောက်ကိုရီးယား ရွေးကောက်ပွဲဟာ အာဏာပိုင်တွေအတွက် မဲဆန္ဒနယ်တစ်ခုချင်းစီးရဲ့ လူဦးရေကိုသိရှိနိုင်ရန် လူဦးရေးစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ကို ထွက်ပြေးနိုင်ဖွယ်ရှိသူတွေကိုလည်း ခြေရာခံနိုင်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။