ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးက စိတ်ချမ်းသာစရာကောင်းတယ်လို့ ဝါရင့်သရုပ်ဆောင် အကယ်ဒမီ ချိုပြုံးက ပြောပါတယ်။ ဒီနေ့ခေတ် လူငယ်တွေရဲ့ အချစ်ရေးအပေါ် သူ့ရဲ့ အမြင်ကိုလည်း သုံးသပ်ပြောပြလာပါတယ်။
Photo: Cho Pyone
သရုပ်ဆောင် ချိုပြုံးက ဒီနေ့ခေတ်လူငယ်တွေရဲ့ အချစ်ထဲမှာ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံ နှစ်ယောက်ရဲ့ အချစ်ကို ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ရယူလိုမှုနဲ့ ချစ်တဲ့ အချစ်မဟုတ်ဘူးလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။
‘’ ရွှေမှုံတို့ အချစ်ဆိုရင် ဘယ်လောက်ချစ်ဖို့ကောင်းလဲ။ ဒါ သူတို့ ချစ်ကြတာလေ။ အဲဒီလိုများချစ်လို့ကတော့ ကွာ အကုန်လုံးကို အားပေးမှာပါ။ အခုကျတော့ ချစ်တာ မဟုတ်ပဲနဲ့ ရယူလိုမှုတွေ ဖြစ်နေတယ်။ အခုဆို ဖေ့စ်ဘွတ်ဖွင့်လိုက်တာနဲ့ အမလေး ဘာကြီးလဲ ဆိုတာတွေ တွေ့နေရတယ်။ အဲဒါမျိုးတွေ လျော့ရင်တော့ ကောင်းတာပေါ့’’ လို့ သူကဆိုပါတယ်။
Photo: Cho Pyone
ရွှေဇနီးမောင်နှံရဲ့ စိတ်ဓာတ်ကိုလည်း ချိုပြုံးက ချီးကျူးစကားဆိုထားပါသေးတယ်။ သူတို့ နှစ်ဦးရဲ့ အချစ်က စိတ်ချမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။
‘’ အမေချို အရမ်းချစ်တယ်။ သူတို့ရဲ့ အလှူအတန်း ဝါသနာပါတာလေးတွေ၊ ယောကျ်ားပီပီ မြတ်မြတ်နိုးနိုး၊ လေးလေးစားစားရှိတာလေးကိုလည်း အမေချို ချစ်တယ်။ သဘောကျတယ်။ သူတို့ အိမ်ထောင်ကျစတုန်းက သိပ်တောင် မထင်ပါဘူး အမှန်တော့လေ။ ဒါပေမယ့် အခု သူတို့ကို ကြည့်ရတာ အမေချို စိတ်တွေ အရမ်းချမ်းသာတာပဲ’’လို့ သူကပြောပါတယ်။
Photo: Htoo Khant
ဝါရင့်သရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ အကယ်ဒမီချိုပြုံးက ဒီနေ့ခေတ်လူငယ်တွေရဲ့ အချစ်ရေးအကြောင်းကို သုံးသပ်ပြောပြလာပါတယ်။ အချစ်စစ်ဖို့ထက် စီးပွားဆန်ဆန် ချစ်တဲ့ အချစ်က ပိုများလာတယ်လို့ ဆိုပါတယ်။
‘’ အချစ်ရေးမှာ အမေချိုမြင်ရသလောက်ကတော့ ချစ်တယ်လို့ မမြင်ဘူး။ အမေချိုတုန်းကတော့ တကယ်ချစ်ကြတာ။ တကယ် ချစ်တာတွေကိုလည်း တွေ့ပါတယ်။ ၅၀ ရာခိုင်နှုန်းလောက်ကတော့ တကယ်ချစ်ပြီး ကျန်တဲ့ ၅၀ ရာခိုင်နှုန်းကတော့ စီးပွားရေးတွေ တွက်ကြတယ်ပေါ့နော်။ မေချိုကတော့ မကြိုက်ဘူး။ ဒါပေမယ့် အသက်ကြီးလာပြီဆိုတော့ မပြောချင်ဘူး။ စာဖတ်အားလည်း နည်းကြတဲ့အတွက် ကလေးတွေက နည်းနည်းလိုမယ်လို့ထင်တယ်’’ လို့ ဇွန်လ ၁၇ ရက်နေ့က ‘’သတိ အန္တရာယ်ရှိသည်’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။
သရုပ်ဆောင် အကယ်ဒမီချိုပြုံးဟာ အသက် ၇၂ နှစ်အရွယ်အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းဖြစ်ပါတယ်။ အခုချိန်ထိလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်ကြီးတစ်ဦးပါ။
Share