မေလ ၃၀ ရက်နေ့ဆိုရင် ရုံတင်ပါပြီ။

ပရိသတ် စိတ်ဝင်စားမှု အများကြီးရရှိထားတဲ့ ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၃၀ ရက်နေ့မှာ ရုံတင်ပြသတော့မှာဖြစ်ပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရွှေထူး နဲ့ ရွှေမှုံရတီတို့ကလည်း စိတ်လှုပ်ရှားလို့နေပါတယ်။ ဖြိုးငွေစိုးကလည်း ဇာတ်ကားလေးအကြောင်း ပြောပြထားပါသေးတယ်။

‘’ ဧည့်သည်’’ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို မေလ ၂၂ ရက်နေ့ညက Junction City မှာရှိတဲ့ JCGV ရုပ်ရှင်ရုံမှာ ရုံတင်ပြသခဲ့ပါတယ်။ ဒီဇာတ်ကားရဲ့ trailer ကို စတင်မိတ်ဆက်ပေးလိုက်တဲ့ အချိန်မှာပဲ ပရိသတ်များစွာတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရတဲ့ ဇာတ်ကား တစ်ကားဖြစ်ပါတယ်။



ဧည့်သည် ဇာတ်ကားထဲမှာ အဆိုတော်တစ်ယောက်ဖြစ်ဖို့ အောက်ခြေကနေ ကြိုးစားနေတဲ့ နေလ ဆိုတဲ့ လူငယ်တစ်ယောက်အဖြစ် ရွှေထူးက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ရွှေထူးကလည်း သူ့ရဲ့ ရင်ခုန်သံကို မီဒီယာတွေကနေတဆင့်ပြောပြလာပါတယ်။

‘’ခံစားချက် နှစ်ခုကတော့ အရမ်းကွာတယ်။ ဒါပေမယ့် ရုံတင်ဖို့ရက် နီးလာလေလေ ခြေမကိုင်မိ၊ လက်မကိုင်မိ ဖြစ်တဲ့ စိတ်တွေက များလေလေပေါ့။ ဒါပေမယ့် ကိုယ်ကတော့ ကိုယ်ပိုင်နိုင်တဲ့ အပိုင်းကနေ လုပ်ရတာဆိုတော့ စိုးရိမ်မှုက နည်းနည်းတော့ လျော့တာပေါ့။’’ ဆိုပြီးတော့ မေလ ၂၂ ရက်နေ့ညက ‘’ ဧည့်သည်’’ရုပ်ရှင်ဇာတ်ကား အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

အဲဒီနောက် လုပ်ငန်းရှင်သူဌေးတစ်ယောက်၊ ချစ်သူအတွက်ဆိုရင် ငွေနဲ့ အရာရာကို ဖြည့်ဆည်းပေးနိုင်တဲ့လူတစ်ယောက်၊ စီးပွားရေးလုပ်ငန်းမှာ အောင်မြင်မှုရနေတဲ့ လူတစ်ယောက်ရဲ့ အချစ်တွေကို ပုံဖော်ခဲ့သူကတော့ ဦးမြတ်မင်းနိုင် လို့ခေါ်တဲ့ ဖြိုးငွေဆိုးဖြစ်ပါတယ်။

‘’ကျွန်တော်ကလေ ရုပ်ရှင်တစ်ကားကို လူတွေ စိတ်ဝင်စားတဲ့နေရာမှာ ရုပ်ရှင်ကြောင့် စိတ်ဝင်စားတာပဲ ကျွန်တော်ကြိုက်တယ်။ ဒါက ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်ပါ။ တခြားအကြောင်းအရာနဲ့ တွဲပြီး စိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်ကားရဲ့ တန်ဖိုးလည်းကျတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

ရွှေမှုံရတီကတော့ ဒီဇာတ်ကားထဲမှာ လုပ်ငန်းရှင်သူဌေးတစ်ယောက်ကို ချစ်သူတော်ထားရတဲ့ ဆယ်ကျော်သက် မိန်းကလေး မြူမိုး ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒါပေမယ့် ခင်ပွန်းဖြစ်သူ ရွှေထူး အတွက်ကိုတော့ ပိုရင်ခုန်တယ်လို့ ဆိုပါတယ်။

‘’ ရွှေမှုံရတီ အနေနဲ့ ရွှေထူးကို မျှော်လင့်တာ မဟုတ်ပဲနဲ့ သူ့ရဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ မျှော်လင့်တာမျိုး ဖြစ်ရင်လည်း ဖြစ်မှာပေါ့လေ။ အဓိက ကတော့ ကိုယ့်ယောကျ်ားကို ပရိသတ်တွေ အားပေးစေချင်တယ်’’ လို့ သူကဆိုပါတယ်။

ဧည့်သည် ရုပ်ရှင်ဇာတ်ကားကြီးကို မေလ ၃၀ ရက်နေ့က စပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ ဒါရိုက်တာ ညွှန့်မြန်မာ ညီညီအောင်က ရိုက်ကူးပုံဖော်ထားတာပါ။ ရွှေထူး၊ ရွှေမှုန်ရတီ၊ နေခြည်ဦးနဲ့ ဧည့်သည် သရုပ်ဆောင် ဖြိုးငွေစိုး တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်ကားကတော့ အချစ်ဇာတ်ကားလေး တစ်ကားပါပဲ။


ဆက်စပ်အကြောင်းအရာများ

Share

က္က