မန်စီးတီးကို သူတို့အသင်းမနိုင်ဘူးလို့ လက်ခံထားကြတာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကတော့ မန်စီးတီးနဲ့ ကစားရမယ့် အက်ဖ်အေဖလားပွဲမတိုင်ခင်မှာပဲ ပြိုင်ဘက်အသင်းကို ဆုဖလားပေးလိုက်ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ၄ ဂိုးပြတ်နဲ့ ချေမှုန်းခဲ့တဲ့ မန်စီးတီးအသင်းရဲ့ ခြေစွမ်းကို ကြည့်ရှုခဲ့ပြီးနောက်မှာ သူတို့အသင်းအနေနဲ့ မြို့ခံပြိုင်ဘက်ကို ယှဉ်နိုင်မှာမဟုတ်ဘူးလို့ ဝန်ခံလိုက်ကြတာလည်းဖြစ်ပါတယ်။ 

အက်ဖ်အေဖလားဗိုလ်လုပွဲကိုတော့ ဇွန်လ ၂ ရက်နေ့မှာ ကစားကြမှာဖြစ်ပါတယ်။ မနေ့ညက ပွဲအပြီး တွစ်တာပေါ်မှာ မန်စီးတီးရဲ့​ ခြေစွမ်းကို အားလုံးက ဝိုင်းဝန်းချီးကျူးခဲ့ကြပြီး ဘယ်လိုမှကို ရပ်တန့်လို့မရတော့တဲ့ အသင်းလို့ပါ တင်စားခဲ့ကြပါတယ်။ ဂွာဒီယိုလာရဲ့ အသင်းဟာ ဒီရာသီမှာ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေကို တပြိုင်တည်းဆွတ်ခူးနိုင်မယ့် အခွင့်အရေးကိုပါ ပိုင်ဆိုင်နေတာဖြစ်ပါတယ်။ 

ပရိသတ်တဦးက "အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးနဲ့ ရင်ဆိုင်ချိန် ဂိုးသမားက ဒီဂီယာဖြစ်နေမှာကိုတွေးရင်း ငါတော့ တကယ်ကို စိုးရိမ်နေမိပြီ" လို့ ရေးသားခဲ့ပါတယ်။ နောက်တဦးကလည်း "မန်စီးတီးရဲ့ အရန်ခုံမှာ အယ်လ်ဗာရက်ဇ်၊ ဖိုဒန်၊ မာရက်ဇ်တို့ရှိနေပြီး ငါတို့အသင်းက ဝက်ဟော့စ်၊ အီလန်ဂါနဲ့ မက်တော်မီနေးတို့ပဲ ရှိနေပါလား" လို့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ 

အခြားတဦးကလည်း "ဒါက အက်ဖ်အေဖလားဗိုလ်လုပွဲမှာ ယူနိုက်တက်ရင်ဆိုင်ရမယ့် မန်စီးတီးနဲ့ အတူတူပါပဲ" လို့ ဟာသနှောပြောဆိုသွားခဲ့ပါတယ်။ နောက်ဆုံးတဦးကတော့ "အက်ဖ်အေဖလားဗိုလ်လုပွဲမှာ မန်စီးတီးက ပထမပိုင်းကို ၂-၀ နဲ့ ဦးဆောင်နေမယ်၊ အဲဒီအချိန် ငါတို့အသင်း အရန်ခုံတန်းကို ကင်မရာက ရိုက်ပြတဲ့အချိန် မင်း ဝက်ဟော့စ်ကို မြင်ရမှာပဲ" လို့ ရင်ထုမနာ ပြောဆိုသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က