ဘာနာဒိုဆေးလ်ဗားကတော့ အရေးကြီးတဲ့အချိန်မှာ အာရုံအနောက်မခံခဲ့တာဖြစ်ပါတယ်။

မန်စီးတီး ကွင်းလယ်တိုက်စစ်ကစားသမား ဘာနာဒိုဆေးလ်ဗားဟာ အက်ဖ်အေဖလား ဗိုလ်လုပွဲ ပထမပိုင်းအပြီးမှာ သူ့အနားချဥ်းကပ်ပြီး စကားပြောဆိုဖို့ ကြိုးစားခဲ့တဲ့ လက်ရွေးစင်အသင်းဖော် ယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို လက်သင့်မခံဘဲ ငြင်းဆန်ခဲ့ပါတယ်။



အဆိုပါပွဲမှာ မန်စီးတီးက ယူနိုက်တက်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ပထမပိုင်းမှာတော့ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့တာပါ။ ဂွန်ဒိုဂန်က ပွဲအစ (၁၃) စက္ကန့်မှာ မန်စီးတီးအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပြီး ဂရီလစ်ရှ်ရဲ့ လက်ထိဘောကတစ်ဆင့် ရရှိလာတဲ့ ပင်နယ်တီကို ဘရူနိုဖာနန်ဒက်စ်က ကန်သွင်းယူခဲ့တာကြောင့် ပထမပိုင်းမှာ တစ်ဂိုးစီသရေနဲ့ ပြီးဆုံးခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းပွဲကစားချိန် အပြီး နှစ်ဖက်ကစားသမားတွေ ကွင်းထဲက ထွက်လာချိန်မှာတော့ ဘရူနိုဖာနန်ဒက်စ်က ပေါ်တူဂီလက်ရွေးစင် အသင်းဖော် ဘာနာဒိုဆေးလ်ဗားကို ချဥ်းကပ်ကာ ပွေ့ဖက် စကား‌ပြောဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘာနာဒိုကတော့ ပခုံးအဖက်တောင် မခံခဲ့ဘဲ ဘရူနိုဖာနန်ဒက်စ်ရဲ့ ချဥ်းကပ်မှုကို ငြင်းဆန်ခဲ့ပါတယ်။

ဒီကစားသမားနှစ်ယောက်ဟာ ပြီးခဲ့တဲ့ရာသီအတွင်း ပရီးမီးယားလိဂ်မှာ နှစ်ကြိမ်ထိပ်တိုက်တွေ့ခဲ့တုန်းက နှစ်ယောက်အကြား ကောင်းမွန်တဲ့ဆက်ဆံရေးရှိနေကြောင်း ဘာနာဒိုဆေးလ်ဗားက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခု အက်ဖ်အေဖလားဗိုလ်လုပွဲမှာတော့ ဒီလိုမျိုး ဖြစ်ပျက်ခဲ့ပြီး ဒါက အရေးကြီးတဲ့အချိန်ဖြစ်တာကြောင့် ဘာနာဒိုဆေးလ်ဗားက ဘရူနိုကို ငြင်းဆန်ခဲ့ဟန်ရှိပါတယ်။

ပရိသတ်တွေကတော့ ပေါ်တူဂီကစားသမားတွေ အချင်းချင်း ဒါမျိုး မျက်မုန်းကျိုးနေတာကြောင့် လက်ရွေးစင်အသင်း အောင်မြင်မှုမရတာ မဆန်းကြောင်း မှတ်ချက်ပြုခဲ့ကြသလို အချို့ကလည်း ဘာနာဒိုဆေးလ်ဗားအနေနဲ့ ယူနိုက်တက်ရရှိသွားတဲ့ ပင်နယ်တီကို မကျေနပ်တာကြောင့် အခုလိုမျိုး ပြုမူခဲ့တာ ဖြစ်နိုင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ 

Share

Loading Next Article...
က္က