ဇွန်လ ၁ ရက်နေ့က ရာထူးက ထွက်သွားတဲ့ Facebook COO ဟောင်းကို ကုမ္ပဏီအရင်းအမြစ်တွေ သုံးပြီး ကိုယ်ကျိုးရှာခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ Meta ရဲ့ ရှေ့နေတွေက စုံစမ်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။
Meta ရဲ့ ဒုတိယအကြီးဆုံး ရာထူးကို ဦးဆောင်ခဲ့တဲ့ ရှဲလ်ယို ဆန်းဒ်ဘာ့ဂ်ဟာ သူမရဲ့ ကိုယ်ရေးကိုယ်တာ ပရောဂျက်တွေမှာ Meta ဝန်ထမ်းတွေကို ခေါ်ခိုင်းခဲ့တယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။ ကုမ္ပဏီဝန်ထမ်းအရင်းအမြစ်ကို တလွဲအသုံးချခဲ့မှုနဲ့ Meta ဘက်က ကုမ္ပဏီမှာ ၁၄ နှစ်ကြာ အလုပ်လုပ်ခဲ့တဲ့ COO ဟောင်းကို စုံစမ်းစစ်ဆေးမှုတွေ လုပ်နေတယ်ဆိုပြီး The Wall Street Journal က စတင် ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဆန်းဒ်ဘာ့ဂ်အနေနဲ့ ကုမ္ပဏီကနေ ထွက်ခွာတော့မယ်လို့ ပထမဆုံး ကြေညာလိုက်ချိန်မှာ ကုမ္ပဏီဘက်ကလည်း သူမရဲ့ ကျင်းပတော့မယ့် မင်္ဂလာဆောင် စီစဉ်ရေးမှာ ကုမ္ပဏီရဲ့အရင်းအမြစ်တွေကို မလျော်မကန် အသုံးပြု.မပြုကို စုံစမ်းနေတယ် ဆိုပြီး The Wall Street Journal ဘက်က ဖွင့်ချလိုက်တာ ဖြစ်ပါတယ်။ အခုတော့ Meta ရှေ့နေတွေနဲ့ ဒီကိစ္စကို သေချာ ကိုင်တွယ်လာပြီ ဖြစ်ပါတယ်။
သတင်းတွေအရ ဆန်းဒ်ဘာ့ဂ်ရဲ့ Lean In ဖောင်ဒေးရှင်းမှာ Facebook ဝန်ထမ်းတွေရဲ့ ပါဝင်မှုနဲ့ မကြာသေးခင်က ထွက်ခဲ့တဲ့ သူမရဲ့ ဒုတိယစာအုပ် Option B အရောင်းမြှင့်တင်ရေးမှာ ဝန်ထမ်းတွေရဲ့ လုပ်အား ပါမပါကိုပါ ရှေ့နေတွေက စုံစမ်းမှုတွေ လုပ်နေတယ်လို့ ဆိုပါတယ်။ ဆန်းဒ်ဘာ့ဂ်ဟာ သူမရဲ့ အရင်ပါတနာဟောင်းဖြစ်တဲ့ Activision CEO ဘော်ဘီ ကောတစ်ရဲ့မကောင်းသတင်းကို မထွက်အောင် ပိတ်ဖို့ Facebook ဝန်ထမ်းတွေကို အသုံးချခဲ့တယ် ဆိုတဲ့အပေါ်လည်း ကုမ္ပဏီဘက်က စုံစမ်းမှုတွေ လုပ်နေတာပါ။
Activision CEO ဟာ ဆန်းဒ်ဘာ့ဂ်နဲ့ ၂၀၁၆ ကနေ ၂၀၁၉ ခုနှစ်အထိ သုံးနှစ်ကြာ လက်တွဲခဲ့သူ ဖြစ်ပြီး လက်ရှိမှာ ကုမ္ပဏီအတွင်း ခွဲခြားဆက်ဆံမှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေမှာ အားပေးအားမြှောက်လုပ်တယ်ဆိုပြီး စွပ်စွဲခံထားရသူလည်း ဖြစ်ပါတယ်။ ဆန်းဒ်ဘာ့ဂ်ဟာ သူ့ရဲ့ ရည်းစားဟောင်းရဲ့ မကောင်းသတင်းကို မဖော်ပြဖို့ Daily Mail ကို ဆက်သွယ်ခဲ့တယ်ဆိုပြီးလည်း သတင်းတွေ ထွက်ထားပါတယ်။
တကယ်လို့ စွပ်စွဲချက်တွေအတိုင်း မှန်ကန်မယ်ဆိုရင် ဆန်းဒ်ဘာ့ဂ်ကို ကုမ္ပဏီဘက်က ဥပဒေကြောင်းအတိုင်း သွားဖို့လည်း ရှိနေပါတယ်။ ဆန်းဒ်ဘာ့ဂ်ဘက်ကလည်း ကိုယ်ရေးကိုယ်တာကိစ္စအတွက် ဝန်ထမ်းတွေ ခေါ်သုံးခဲ့တာအတွက် ငွေပြန်ပေးရဖို့ ရှိပါတယ်။ Meta ဟာ ကုမ္ပဏီရဲ့ ထိပ်ဆုံးအမှုဆောင်အရာရှိတွေ ဖြစ်တဲ့ မတ်ခ်ဇူကာဘတ်နဲ့ ဆန်းဒ်ဘာ့ဂ်တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေး နဲ့ ခရီးသွားစရိတ်အတွက် နှစ်စဉ် ဒေါ်လာသန်းပေါင်းများစွာ အကုန်အကျခံနေတာ ဖြစ်ပါတယ်။
အသက် ၅၂ နှစ်အရွယ် မစ္စ ဆန်းဒ်ဘာ့ဂ်ရဲ့ ခင်ပွန်း ဒေ့ဗ် ဂိုးဒ်ဘာ့ဂ် ၂၀၁၅ မှာ ရုတ်တရပ် ကွယ်လွန်ပြီးနောက် လက်ရှိ ရည်းစားဖြစ်သူ Kelton CEO တွမ် ဘန်းတယ်နဲ့ ဒီနှစ်ထဲမှာ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ သူတို့နှစ်ဦးဟာ ၂၀၂ ပြည့်နှစ်ထဲမှာ စေ့စပ်ထားတာလည်း ဖြစ်ပါတယ်။ ဆန်းဒ်ဘာ့ဂ်ဟာ ဒီနှစ် ဆောင်းတွင်းပိုင်းမှာ Meta ကနေ ထွက်ခွာဖို့ ပြင်ဆင်ထားပေမယ့် ဘုတ်အဖွဲ့ဝင်အဖြစ်တော့ ဆက်ရှိနေဦးမယ်လို့လည်း ကြေညာထားပါတယ်။