Facebook News လို့ခေါ်တဲ့ feature တစ်ခုကို အမေရိကန်က သုံးစွဲသူတွေအတွက် စမ်းသပ်ဖြန့်ချိမှု လုပ်လိုက်ပြီ ဖြစ်ပါတယ်။
Facebook မိုဘိုင်းလ်အက်ပလီကေးရှင်းထဲမှာ သတင်းတွေအတွက် သီးသန့်ကဏ္ဍအဖြစ် မိတ်ဆက်လိုက်တာ ဖြစ်ပြီး Wall Street Journal ၊ USA Today နဲ့BuzzFeed တို့အပါအဝင် နာမည်ကြီး သတင်းဌာနတွေရဲ့ သတင်းတွေ ထည့်သွင်းထားတာပါ။ လက်ရှိမှာ အမေရိကန်ပြည်တွင်းက သိန်းဂဏန်းအရေအတွက် ရှိတဲ့ Facebook သုံးစွဲသူတွေအတွက်ပဲ ဖြန့်ချိထားတာ ဖြစ်တယ်လို့The Verge သတင်းက ဖော်ပြထားပါတယ်။
Photo: The Verge
" လူတွေဟာ Facebook ပေါ်က ပုဂ္ဂလိကဆန်တဲ့ အတွေ့အကြုံတွေကနေ အကျိုးရှိချင်ကြပါတယ်။ ဒါပေမယ့် ဒီလို တစ်ဦးချင်း အတွေ့အကြုံတွေကို ကျော်လွန်တဲ့ တင်ပြချက်တွေ ရှိတာကို ကျွန်တော်တို့သိထားပါတယ်။ ကျွန်တော်တို့အနေနဲ့ဒီနှစ်မျိုးစလုံးကို ပံပိုးပေးချင်ပါတယ်။" လို့Facebook ရဲ့ ဘလော့ဂ်ပို့စ်မှာ ဆိုပါတယ်။
Facebook News ကို လူအယ်ဒီတာအဖွဲ့ကပဲ တည်းဖြတ် တင်ဆက်မှု လုပ်သွားမှာ ဖြစ်ပြီး တစ်နေ့တာရဲ့ ထိပ်တန်းဖြစ်ရပ်တွေ ပါဝင်တဲ့ Today's Stories ဆိုတဲ့ feature တစ်ခုလည်း ပါပါတယ်။ ဒီသတင်းခန်း ကဏ္ဍဟာ ကိုယ်ဖတ်ရှုတဲ့ ပုံစံပေါ်လိုက်ပြီး personalize အဖြစ် တင်ဆက်သွားမှာ ဖြစ်တယ်လို့ကုမ္ပဏီက ဆိုပါတယ်။
ဒါကြောင့်ပဲ ကိုယ်စိတ်မဝင်စားတဲ့ သတင်းဌာနတွေ ၊ ဆောင်းပါးနဲ့အကြောင်းအရာတွေကို hide လုပ်ထားလို့ရတဲ့ စနစ်တွေ ပါဝင်မှာပါ။ Facebook News မှာ စီးပွားရေးကဏ္ဍ ၊ ဖျော်ဖြေရေး ၊ သိပ္ပံနဲ့နည်းပညာ ၊ ကျန်းမာရေးနဲ့အားကစားဆိုပြီး သီးသန့်ကဏ္ဍတွေ ပါဝင်ပါတယ်။
Photo: The Verge
တကယ်လို့tab ထဲမှာ သတင်းဌာနတစ်ခုထက် မက subscribe လုပ်ပြီး စာရင်းသွင်းထားမယ်ဆိုရင် သီးသန့်section ထဲမှာ subscriptions တွေ တွေ့ရမှာ ဖြစ်ပါတယ်။ ကုမ္ပဏီဘက်ကတော့ Facebook News မှာ သတင်းဌာနဘယ်လောက်နဲ့ပူးပေါင်းထားသလဲဆိုတာကိုု ပြောကြားခြင်း မရှိပါဘူး။
Facebook ရဲ့ CEO မတ်ခ်ဇူကာဘတ်ကတော့ ဒီ tab အသစ်နဲ့ပတ်သက်ပြီး ရူးပတ်မားဒေ့ါပိုင်ဆိုင်တဲ့ အမေရိကန်ရဲ့ ထိပ်သီးမီဒီယာလုပ်ငန်း News Corp ရဲ့ CEO ရောဘတ်တွမ်ပ်ဆန်နဲ့ဆွေးနွေးဖို့လည်း ရှိပါတယ်။