နောက်ဆိုရင်တော့ Facebook က ပို့စ်တွေမှာ like ဘယ်လောက်ရနေပြီလဲဆိုတာ ကြည့်လို့ရတော့မှာ မဟုတ်ပါဘူး။
သြစတြေးလျမှာတော့ Facebook ဟာ စက်တင်ဘာ ၂၇ ရက်နေ့က စပြီး like နဲ့reactions တွေ ၊ view အရေအတွက်တွေကို ပို့စ်ပိုင်ရှင်ပဲ မြင်လို့ရအောင် စမ်းသပ်နေပြီလို့CNET သတင်းမှာ ဖော်ပြထားပါတယ်။ ဒီသတင်းကို Facebook ဘက်ကလည်း အတည်ပြုထားပါတယ်။ မကြာခင်မှာ ဒီစမ်းသပ်မှုကို တစ်ကမ္ဘာလုံးမှာ လုပ်ဆောင်သွားဖို့လည်း ရှိပါတယ်။
Photo: pressfrom
ပို့စ်ပိုင်ရှင်ကလွဲရင် တစ်ခြားသူတွေအနေနဲ့ဒီပို့စ်မှာ like ဘယ်လောက် ရနေလဲဆိုတာကို ဂဏန်းအရေအတွက်နဲ့မပြဘဲ ဝှက်ထားတာဟာ လူမှုကွန်ရက်ကြောင့် စိတ်ဖိစီးမှုကို သက်သာရာရစေမယ့် နည်းလမ်းတစ်ခုလို့လည်း ယူဆထားပါတယ်။ သြစတြေးလျမှာ စမ်းသပ်ထားတဲ့ ဒီ Like အရေအတွက် ဖျောက်မှုဟာ လောလောဆယ် လူအရေအတွက် အကန့်အသတ်နဲ့လုပ်ဆောင်ထားတာ ဖြစ်ပြီမကြာခင်မှာ တိုးချဲ့စမ်းသပ်သွားမယ်လို့ဆိုပါတယ်။
" ကျွန်တော်တို့Facebook ပေါ်က ရုပ်သံကြည့်ရှုမှုအရေအတွက်နဲ့like တွေ reactions တွေ ဖော်ပြမှုကို private ထားဖို့စမ်းသပ်နေပါတယ်။ အကန့်အသတ်နဲ့ပါ။ ဒီအပြောင်းအလဲဟာ လူတွေရဲ့ အတွေ့အကြုံတွေကို ပိုကောင်းစေသလားဆိုတဲ့ တုန့်ပြန်မှုကိုလည်း ကျွန်တော်တို့စုဆောင်းနေပါတယ်။ " လို့Facebook ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ပါတယ်။
Photo: rojakdaily
Facebook ပိုင် လူမှုကွန်ရက်ပလက်ဖောင်းတစ်ခု ဖြစ်တဲ့ Instagram ကလည်း ဒီနှစ်ထဲမှာ like အရေအတွက် ပိတ်တဲ့ စမ်းသပ်မှုကို စမ်းသပ်ထားပါတယ်။ Instagram ဟာ Like ဘယ်လောက် ရသလဲဆိုတာထက် လူမှုကွန်ရက် သုံးစွဲသူ မျှဝေလိုက်တဲ့ ပုံနဲ့ဗွီဒီယိုတွေကို ပိုအာရုံစိုက်စေဖို့အတွက် like counts ပိတ်ခဲ့တာပါ။
Instagram ဟာ ပို့စ်တွေနဲ့ပုံတွေအောက်မှာ like အရေအတွက် ဖော်ပြမှု ပိတ်ပင်ခြင်းကို ကနေဒါနိုင်ငံမှာ စတင် စမ်းသပ်ခဲ့ပြီး အခုဆို ဘရာဇီး ၊ သြစတြေးလျ ၊ အိုင်ယာလန် ၊ အီတလီ ၊ ဂျပန်နဲ့နယူးဇီလန်တို့မှာလည်း စတင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။