လာမယ့်နှစ်မှာ Meta ရဲ့ နည်းပညာမြင့် VR Headset သစ် ထွက်လာဖို့ ရှိပါတယ်။
Facebook ရဲ့ Developer တွေကို အဓိကထားတဲ့ Connect ကွန်ဖရင့်မှာ ကုမ္ပဏီရဲ့ ကော်ပိုရိတ်နာမည်ကို Meta အဖြစ် ပြောင်းလိုက်ကြောင်း သတင်းအပါအဝင် hardware နဲ့ ဆော့ဖ်ဝဲလ် tools သစ်တွေပါ ကြေညာခဲ့ပါတယ်။ ဒီထဲမှာ ကုမ္ပဏီရဲ့ VR Headset သစ် Cambria အကြောင်းပါ ပါဝင်လာပါတယ်။ Project Cambria လို့ ကုဒ်နာမည်ပေးထားတဲ့ ဒီ hardware ထုတ်ကုန်မှာ အဆင့်မြင့် ပုံရိပ်ယောင်နဲ့အစစ်အမှန်လောကပေါင်းစည်းထားတဲ့ အတွေ့အကြုံသစ်တွေ ၊ မျက်နှာအတိုင်း ခြေရာခံစနစ်နဲ့ ပိုပြီး တိကျအားကောင်းတဲ့ အမြင်အာရုံစနစ်တို့ ပါဝင်လာမယ်လို့ ဆိုပါတယ်။
Photo: CNet
Cambria ဟာ တခြား VR Headset တွေမှာ မလုပ်နိုင်တဲ့ စွမ်းဆောင်မှုတွေ လုပ်နိုင်မယ်လို့လည်း ဆိုပါတယ်။ ဒီထုတ်ကုန်မှာ ပါတဲ့ အာရုံခံစနစ်သစ်တွေဟာ ကိုယ့်ရဲ့ Virtual ပုံတူကို ကိုယ့်ရဲ့မျက်နှာပြင်အမူအယာဖော်ပြချက်အတိုင်း ပုံဖော်နိုင်မယ်လို့ လည်း ကုမ္ပဏီက ပြောပါတယ်။ Cambria ဟာ ပြင်ပရုပ်လောကထဲက အရာဝတ္ထုတွေကို ကိုယ်စားပြုနိုင်စွမ်းရှိမယ်လို့လည်း ပြောထားပါတယ်။
ကြာသာပတေးနေ့က ကျင်းပသွားတဲ့ Connect ကွန်ဖရင့်မှာ Project Cambria VR Headset အကြောင်း အမြည်းသဘော ပြောသွားခဲ့တာ ဖြစ်ပြီး နောက်နှစ်ထဲမှာ ဖြန့်ချိဖို့လည်း စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီထုတ်ကုန်ဟာ လက်ရှိ ကုမ္ပဏီက ထုတ်ထားတဲ့ ၂၉၉ ဒေါ်လာတန် Quest 2 Headset နဲ့မဆိုတဲ့ သီးသန့် High-End ထုတ်ကုန်ဖြစ်မယ်လို့လည်း ဆိုပါတယ်။ High-End မော်ဒယ်ဖြစ်တာကြောင့် Project Cambria ထုတ်ကုန်ဟာ ဈေးမြောက်မယ်လို့လည်း ပြောနိုင်ပါတယ်။
Meta အနေနဲ့ အခုလို နည်းပညာမြင့် VR Headset ထုတ်ကုန်သစ်တွေ ထုတ်လာတာဟာ ကုမ္ပဏီရဲ့ ရည်မှန်းချက်ဖြစ်တဲ့ Metaverse ရပ်ဝန်းဖန်တီးရေးအတွက် အဓိကကျတဲ့အစိတ်အပိုင်းလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီဟာ နေရာအမျိုးမျိုးမှာ သုံးနိုင်မယ့် AI အကူနည်းပညာပါ AR စမတ်မျက်မှန်သုတေသနနဲ့စမ်းသပ်မှု အစီအစဉ် Project Aria စီမံကန်းအကြောင်းပါ ကြေညာထားပါတယ်။