ဆိုရှယ်မီဒီယာကုမ္ပဏီ Facebook ရဲ့ ဆီလီကွန်တောင်ကြားရှိ ပေးစာနဲ့ပါဆယ်လက်ခံရာဌာနကို ရောက်ရှိလာတဲ့ ပါဆယ်ထုပ်တစ်ထုပ်မှာ အာရုံကြောပျက်စီးစေတဲ့ ဆာရင် (sarin) အဆိပ်ဓာတ်ဖြစ်နိုင်ဖွယ်ရှိတဲ့ အဆိပ်ဓာတ်ပါနေကြောင်း စစ်ဆေးတွေ့ရှိရပြီးနောက် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။
(Photo: Reuters)
ဒေသစံတော်ချိန် တနင်္လာနေ့ (ဇူလိုင် ၁ ရက်) မနက် ၁၁ ဝန်းကျင်မှာ အဆိုပါ ပါဆယ်ထုပ်နဲ့ ထိတွေ့ခဲ့သူတွေမှာတော့ ဆာရင်အဆိပ်သင့် လက္ခဏတစ်စုံတရာ မတွေ့ရဘူးလို့ Facebook အခြေစိုက်ရာ Menlo Park မြို့မှ မီးသတ်ဌာနတာဝန်ရှိသူ Jon Johnston က ပြောခဲ့ပါတယ်။
အဆိပ်ဓာတ်ပါရှိကြောင်း သံသယဖြစ်ဖွယ် ပါဆယ်ထုပ်ကို စစ်ဆေးတွေ့ရှိပြီးနောက် Facebook ရုံးချုပ်ရဲ့ အဆောက်အအုံလေးခုမှာ ရှိနေသူတွေကို ရွှေ့ပြောင်းစေခဲ့ပြီး လူနှစ်ဦးကို အဆိပ်သင့်နိုင်မှုအတွက် စမ်းသပ်စစ်ဆေးနေကြောင်း သိရပါတယ်။
(Photo: AP)
"Facebook ရဲ့ ပေးစာနဲ့ပါဆယ်လက်ခံဌာနက သူတို့ဆီရောက်လာတဲ့ ပါဆယ်ထုပ်အားလုံးကို စစ်ဆေးခဲ့ရာမှာ တစ်ထုပ်မှာက ဆာရင်ဖြစ်နိုင်ဖွယ်ရှိတဲ့ အဆိပ်ဓာတ်ပါနေတယ်လို့ တွေ့ခဲ့ရတယ်၊ အဲဒီတော့ သူတို့က သူတို့ရဲ့ သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ခဲ့ကြပါတယ်၊ ဆာရင်အဆိပ်ဓာတ်တွေ့ရတယ်ဆိုတာ ဟုတ်သလား ဒါမှမဟုတ် မဟုတ်ဘူးလားဆိုတာ အတည်ပြုနိုင်ဖို့ အခု ကျွန်တော်တို့ စောင့်နေပါတယ်" လို့ Johnston က ပြောပါတယ်။
ပါဆယ်ထုတ်တစ်ထုပ်မှာ အဆိပ်ဓာတ် တွေ့ရပြီးနောက် ကုမ္ပဏီက အဆောက်အအုံလေးခုကနေ လူတွေကို ရွှေ့ပြောင်းမှုလုပ်ဆောင်ခဲ့ကြောင်းနဲ့ ယခုဖြစ်ရ့ပ်ကို စုံစမ်းစစ်ဆေးရာမှာ ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း Facebook ပြောခွင့်ရအမျိုးသား Anthony Harrison က ဆိုပါတယ်။
(Photo: Getty Images)
"စစ်ဆေးမှုမှာ တွေ့ရတဲ့ အဆိပ်ဓာတ်က ဘာလဲဆိုတာ အာဏာပိုင်တွေက မဖော်ထုတ်ရသေးပါဘူး၊ လက်ရှိမှာတော့ လူတွေကို ရွှေ့ပြောင်းစေခဲ့တဲ့ အဆောက်အအုံးတွေထဲက သုံးခုမှာ ပြန်နေလို့ရနေပါပြီ" လိုက Harrison က ဆက်လက် ပြောပါတယ်။ ယခုဖြစ်ရပ်ကို FBI ရဲ့ ဆန်ဖရန်စစ္စကိုရုံးမှ အေးဂျင့်တွေကလည်း ပူးပေါင်းစစ်ဆေးနေကြောင်း FBI ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုခဲ့ပါတယ်။ ဆာရင်အဆိပ်ဓာတ်ဟာ အာရုံကြောစနစ်ကို ပျက်စီးစေနိုင်ပြီး ဓာတုလက်နက်တစ်ခုအဖြစ် အသုံးပြုကြပြီး ဆာရင်အဆိပ်သင့်ပါက သေဆုံးနိုင်ကြောင်း Reuters သတင်းက ဖော်ပြပါတယ်။