podcast တွေ ၊ သီချင်းတွေ နဲ့ Live Audio Room အားလုံးကို နားထောင်နိုင်မယ့် Audio ဆိုတဲ့ section သစ်ကို Facebook က ဖြန့်ချိလိုက်ပါတယ်။
Facebook app ထဲက Watch ကဏ္ဍအောက်မှာ audio formats နဲ့ Facebook ပေါ် တင်ထားသမျှကို တစ်နေရာတည်းမှာ ကြည့်နိုင်မယ့် Audio ဆိုတဲ့ section တစ်ခု ထည့်လိုက်တာပါ။ Facebook ရဲ့ Music ဆိုတဲ့ section လည်း Facebook Watch အောက်မှာ သီးသန့် section အနေနဲ့ Audio Section ရဲ့ ဘယ်ဘက်မှာ ထည့်သွင်းလာတာ တွေ့ရပါတယ်။
Photo: Tech Crunch
အစောပိုင်းက Watch ဟာ Facebook ပေါ်က ဗွီဒီယိုတွေ Live လွှင့်တာတွေကို တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ကြည့်နိုင်အောင် ထုတ်ထားတဲ့ Section တစ်ခု ဖြစ်ပြီး အခုတော့ music နဲ့ Audio ကဏ္ဍတွေလည်း ပါဝင်လာတာ ဖြစ်ပါတယ်။ Facebook ရဲ့ အဆိုအရ အထူးသီးသန့် ဖန်တီးထားတဲ့ Algorithms တွေ သုံးပြီး Facebook သုံးသူတစ်ဦးချင်းစီရဲ့ အကြိုက်နဲ့ စိတ်ဝင်စားမှုအတိုင်း podcast နဲ့ တခြားအသံ content တွေကို အကောင်းဆုံးနားထောင်နိုင်အောင် လုပ်ထားတယ်လို့ ဆိုပါတယ်။
Audio ဆိုတဲ့ အပိုင်းမှာ လက်တလော နားထောင်မှုအများဆုံး ပေါ်ပြူလာ Content တွေအပြင် ကိုယ် Follow လုပ်ထားတဲ့ creator တွေရဲ့ အသံ contenst တွေ ၊ Facebook ကနေ ညွှန်းတဲ့ content တွေ တွေ့ရမှာပါ။ Audio ကဏ္ဍကို အရင်ကတည်းက စပြီး ဖြန့်ချိထားတာ ဖြစ်ပေမယ့် အခုမှ တရားဝင်ကြေညာတာလည်း ဖြစ်ပါတယ်။ Tech Crunch သတင်းအရ အသက် ၁၈ နှစ်အထက် အမေရိကန်က Facebook သုံးသူတွေအတွက် android နဲ့ iOS ဗားရှင်းနှစ်မျိုးစလုံးမှာ ဖြန့်ချိလိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာက Facebook Users တွေကတော့ Watch section ထဲမှာ "For You" , "Live" နဲ့ "Following" စတဲ့ ပုံမှန် tabs တွေပဲ မြင်ရဦးမှာ ဖြစ်ပြီး နောက်ပိုင်းမှ Audio tab ရလာမှာ ဖြစ်ပါတယ်။ Facebook ဟာ အသံပိုင်း Features သစ်တွေ ဖြစ်တဲ့ Live Audio Rooms နဲ့ Soundbites တွေကိုလည်း အမေရိကန်နိုင်ငံမှာ ဖြန့်ချိထားပါတယ်။ Global အတွက်တော့ နောက်သီတင်းပတ်တွေမှာ ရောက်လာဖို့ ရှိပါတယ်။
Photo: Tech Crunch
မကြာသေးခင်ကပဲ Live Audio Rooms feature ဟာ desktop ပေါ် ရောက်လာတာကြောင့် ကွန်ပျူတာကနေတစ်ဆင့် Live Chat လုပ်ပြီး စကားပြောနိုင်တော့မှာ ဖြစ်ပါတယ်။ Live Audio Rooms ဟာ နာမည်ကျော် social audio app တစ်ခုဖြစ်တဲ့ Clubhouse app စတိုင် feature ဖြစ်ပြီး Soundbites ကတော့ TikTok ရဲ့ ဗွီဒီယိုတို ပုံစံ format ကို audio clip နဲ့ ပြန်ဖိုက်မယ့် သဘောဖြစ်ပါတယ်။ Facebook CEO မတ်ခ်ဇူကာဘတ်ခ်ကတော့ Soundbites ဟာ Instagram ရဲ့ Reels နဲ့ ဆင်ပေမယ့် အသံအတွက် ထုတ်ထားတာလို့ ပြောပါတယ်။
Facebook အနေနဲ့ podcasting ဘက်ကို ခြေလှမ်းကြီးကြီး လှမ်းဖို့ ပြင်ဆင်နေပြီလို့ ဆိုနိုင်ပါတယ်။ နောက်ပိုင်းမှာ သုံးစွဲသူတွေရဲ့ အကြိုက်နဲ့ ကိုက်ညီမယ့် Show နဲ့ Episodes တွေ Recommend ပေးသွားမှာ ဖြစ်သလို သူငယ်ချင်းတွေကိုလည်း သုံးစွဲသူအချင်းချင်း ထောက်ခံချက်ပေးနိုင်အောင် Comment ပေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ နောက်ပိုင်းမှာ Facebook သုံးသူတွေကနေ ကိုယ်ကြိုက်တဲ့ content creator တွေကို tip ပေးနိုင်တဲ့ Stars အစီအစဉ်တွေလည်း Live Audio Rooms တွေပေါ် ရောက်လာတော့မှာပါ။