ထိပ်တန်းအမှုဆောင်တွေ အလုပ်က ထွက်နေကြပါတယ်

Facebook ဟာ အားကိုးရတဲ့နည်းပညာရှင်တွေ ဆုံးရှုံးလာနေပြီလို့ ဆိုပါတယ်။

လာမယ့် ၂၀၂၂ ခုနှစ်မှာ လက်ရှိ Meta ကုမ္ပဏီရဲ့ Messenger ဌာနအကြီးအကဲဖြစ်သူ စတန် ချက်ဒ်နော့ဗ်စကီဟာ အလုပ်က ထွက်တော့မယ်လို့ CNBC သတင်းမှာ ဖော်ပြထားပါတယ်။ Meta ကုမ္ပဏီဟာ ၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစပြီး ထိပ်တန်းအမှုဆောင်တွေ အလုပ်ထွက်တာနဲ့ ကြုံတွေ့နေရပါတယ်။ 



ချက်ဗ်နော့စကီ ( Photo: CNBC)


Facebook Marketplace ရဲ့ အကြီးအကဲဖြစ်သူ ဒီဘိုရက် လီယူဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ အလုပ်က ထွက်ခဲ့ပြီး Ancestry ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်အဖြစ် အလုပ်ဝင်သွားပါတယ်။ ဝင်ငွေပိုင်း အမှုဆောင်အရာရှိချုပ် ဒေးဗစ်ဖစ်ချာကလည်း မတ်လထဲမှာ အလုပ်ထွက်သွားခဲ့သလို Facebook ရဲ့ Novi Cryptocurrency ဌာနကို တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ကက်ဗင်ဝေးလ်လည်း အလုပ်က ထွက်သွားပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လထဲမှာ Facebook ရဲ့ ကြော်ငြာပိုင်းအကြီးအကဲ ကာရိုးလင်း အဲဗာဆင်ဟာ အလုပ်ထွက်တော့မယ့်အကြောင်း ကြေညာခဲ့ပြီး နောက်ပိုင်းမှာ လူသုံးကုန်ပစ္စည်းပို့ဆောင်ရေး App တစ်ခုဖြစ်တဲ့ Instacart မှာ ဥက္ကဌအဖြစ် အလုပ်ပြောင်းခဲ့ပါတယ်။ Facebook app ရဲ့ အကြီးအကဲ ဖစ်ဒ်ဂျီ ဆီမိုဟာ ဇူလိုင်လထဲမှာ Facebook က ထွက်ပြီး Instacart ရဲ့ အမှုဆောင်အရာရှိချုပ် ဖြစ်သွားခဲ့ပါတယ်။ 

ဩဂုတ်လထဲမှာ မာ့ခ်ဒီအာစီဟာ Creative အမှုဆောင်အရာရှိချုပ်အဖြစ်ကနေ နှုတ်ထွက်ခဲ့သလို Facebook ရဲ့ နည်းပညာအမှုဆောင်အရာရှိချုပ် မိုက်ခ် ရှရော့ပ်ဖာကလည်း အလုပ်က ထွက်မယ်လို့ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာ Facebook ရဲ့ Cryptocurrency ပိုင်း အကြီးအကဲ နဲ့ Messenger ပိုင်း အကြီးအကဲဟောင်း ဒေးဗစ်မားကပ်စ်ဟာ နှစ်အကုန်မှာ အလုပ်ထွက်မယ့်အကြောင်း ကြေညာထားပါတယ်။ 

ဒေးဗစ်မားကပ်စ် ( Photo: Tech Crunch)



ဒီတစ်ပတ် အင်္ဂါနေ့မှာ Facebook Wrokplace လုပ်ငန်းသုံး ဆက်သွယ်ရေးဆော့ဖ်ဝဲလ်ပိုင်း အကြီးအကဲ ဂျူလီယန် ကိုဒေါ်နီယူလည်း ကုမ္ပဏီက ထွက်ပြီး Venture Capital ဘက် ကူးပြောင်းတော့မယ်လိ့ ထုတ်ဖော်ပြောကြားထားပါတယ်။ ချက်ဒ်နော့ဗ်စကီးရဲ့ နှုတ်ထွက်မှုဟာ မားကပ်စ် ထွက်ပြီး တစ်ပတ်အကြာမှာ ကြေညာလိုက်တာပါ။ 

နှစ်ယောက်စလုံးဟာ Messenger မှာ မလုပ်ခင်က PayPal မှာ အတူတူ လုပ်ကိုင်ခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်လည်း အတော်လေးကို ရင်းနှီးခင်မင်ကြတယ်လို့ ဆိုပါတယ်။ ချက်ဒ်နော့ဗ်စကီဟာ ၂၀၁၈ မေလထဲမှာ မားကပ်စ်ဆီကနေ Messenger အကြီးအကဲတာဝန်ကို ရယူခဲ့သူလည်း ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်မှာ Messenger ထုတ်ကုန်အကြီးအကဲအဖြစ် အလုပ်ဝင်ခဲ့တဲ့ ချက်ဒ်နော့ဗ်စကီဟာ ၂၀၂၂ ခုနှစ် ဒုတိယသုံးလပတ်အထိ ကုမ္ပဏီမှာ ရှိဦးမယ်လို့လည်း ဆိုပါတယ်။ 

Share

က္က