ဈေးကွက်ထဲ ဖြန့်ချိချိန် တစ်နှစ်မပြည့်ခင်မှာပဲ Facebook ဟာ ကုမ္ပဏီရဲ့ podcast ပလက်ဖောင်းကို ဖြုတ်ချသွားတော့မှာ ဖြစ်ပါတယ်။
Clubhouse နဲ့ ယှဉ်ပြိုင်ဖို့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာ Facebook ကနေ Podcast ဝန်ဆောင်မှုတစ်ခု ထည့်သွင်းခဲ့ပါတယ်။ တစ်နှစ် မပြည့်ခင်မှာပဲ ဒီ Podcast ပလက်ဖောင်းကို ပိတ်သိမ်းတော့မယ်လို့ ဆိုပါတယ်။ Bloomberg News သတင်းအရ လာမယ့် ဇွန် ၃ ရက်နေ့မှာ ဒီပလက်ဖောင်းကို ပိတ်သိမ်းသွားမှာ ဖြစ်ပြီး အခုသီတင်းပတ်က စလို့ Episode သစ်တွေ ၊ Show အသစ်တွေ တင်တာမျိုး ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ သိရပါတယ်။
အခုလိုမျိုး Podcast ပလက်ဖောင်းကို ဖြုတ်ချတာဟာ Facebook ရဲ့ Audio ထုတ်ကုန်တွေ ပြန်ဆန်းစစ်သုံးသပ်ဖို့ လုပ်တဲ့ အစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းလို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီဟာ Audio ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Soundbites နဲ့ Audio Hubs တို့ကို ပိတ်တော့မှာ ဖြစ်သလို တိုက်ရိုက် Live နားထောင်နိုင်မယ့် Live Audio Rooms features ကိုလည်း Facebook Live Suite ထဲမှာ ပေါင်းစည်းထားပါတယ်။
ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူ အဒယ်လိုင်ဒီ ကော်ရိုနာဒိုကတော့ ဒီအပြောင်းအလဲဟာ ကုမ္ပဏီရဲ့ Audio ဝန်ဆောင်မှုတွေကို ရိုးရှင်းစေမယ်လို့ ဆိုပါတယ်။ "အသံဦးစားပေး Audio-First အတွေ့အကြုံတွေကို တစ်နှစ်လောက် လေ့လာသုံးသပ်မှုတွေအရ ကျွန်တော်တို့ Facebook ပေါ်က Audio Tools တွေ Suite အလိုက် ရိုးရှင်းသွားအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီ Features တွေကို စဉ်ဆက်မပြတ် အကဲဖြတ်သုံးသပ်နေပြီး ပိုလို့ အဓိပ္ပါယ်ရှိတဲ့ Experiences တွေ ပေးနိုင်အောင် အာရုံစိုက်သွားမှာပါ" လို့ ကော်ရိုနာဒိုက ပြောပါတယ်။
Podcast လောကမှာ Apple ၊ Spotify တို့ဟာ အကြီးဆုံးအော်ပရေတာကြီးတွေ ဖြစ်ပြီး တခြားကုမ္ပဏီကြီးတွေလည်း podcast ဈေးကွက်မှာ နေရာရဖို့ ကြိုးစားလာနေပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ၊ ၂၀၂၁ ခုနှစ်တွေမှာ Audio ဈေးကွက်ဟာ အကြီးအကျယ် ခေတ်စားလာပြီး Amazon နဲ့ SiriusXM တို့လို ကုမ္ပဏီတွေဟာ Podcast ကွန်ရက်တွေ ဝယ်ယူမှု လုပ်ခဲ့ပါတယ်။
နာမည်ကျော် Live Audio App တစ်ခုဖြစ်တဲ့ Clubhouse ဟာ လက်ရှိမှာ ဈေးကွက်တန်ဖိုး ဒေါ်လာ ၄ ဘီလျံတန်တဲ့ လုပ်ငန်း ဖြစ်လာခဲ့ပါတယ်။ Facebook ရဲ့ မိခင်ကုမ္ပဏီ Meta ကတော့ မအောင်မြင်တဲ့ podcast ဝန်ဆောင်မှုထက် Facebook ရဲ့ main Feed နဲ့ Instagram Reels တို့လို ပေါက်ပြီးသား ထုတ်ကုန်တွေပေါ် အာရုံစိုက်လာနိုင်ပါတယ်။