ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်ကြီးတစ်ခု ဖြစ်တဲ့ Facebook ဟာ မကြာခင်မှာ ဒီ app ကို ဘယ်လောက်ကြာအောင် သုံးနေပြီလဲ ဖော်ပြပေးမယ့် feature သစ်ကို ထည့်သွင်းလာဖို့ရှိနေပါတယ်။
Your Time on Facebook နာမည်နဲ့လာမယ့် ဒီ feature ဟာ တစ်ရက်ကို Facebook ဘယ်လောက် သုံးဖြစ်တယ် ၊ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း Facebook ကြောင့် ဘယ်လောက်အချိန်ကုန်သွားတယ်ဆိုတာ သတိပေးသွားမယ်လို့ဆိုပါတယ်။ ဒီ feature မှာ Facebook ကို ကိုယ်သုံးလိုတဲ့ အချိန်အတိုင်းအတာ တစ်ခု ပေးထားပြီး အချိန်စေ့တာနဲ့ notification နဲ့အသိပေးသွားမယ့် Manage Your Time ဆိုတဲ့ ကဏ္ဍလည်း ပါဝင်လာဖို့ရှိပါတယ်။ ဒီ feature ဟာ Facebook ပိုင် လူမှုကွန်ရက်တစ်ခု ဖြစ်တဲ့ Instagram မှာ မကြာခင် သုံးသွားဖို့ရှိတဲ့ Usage Insight ဆိုတဲ့ feature နဲ့ဆင်မယ်လို့ဒီ feature အကြောင်း Twitter ပေါ်တင်ခဲ့သူ developer ဂျိန်း မန်ချန်ဝမ်က ပြောပါတယ်။
Facebook ကတော့ ဒီသတင်းနဲ့ပတ်သက်ပြီး မှတ်ချက်ပြု ပြောဆိုခြင်း မရှိသေးပေမယ့် Facebook ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးကတော့ Facebook ပေါ်မှာ အကျိုးရှိရှိ အချိန်ကုန်စေဖို့သုံးစွဲသူများကို ကူညီနိုင်စေရေးမှာ Facebook ဟာ နည်းလမ်းသစ်တွေ အမြဲရှာဖွေနေတယ်လို့ဆိုပါတယ်။ တကယ်လို့ဒီ feature သာ မိတ်ဆက်သွားမယ်ဆိုရင်တော့ လူမှုကွန်ရက်တွေရဲ့ သဘာဝဟာ ပြောင်းလဲလာဖို့ရှိပါတယ်။ ပုံမှန်အားဖြင့် လူမှုကွန်ရက်များဟာ ယင်းတို့ရဲ့ app ကို users တွေ အချိန်အများကြီး ပေးခြင်းကို တိုးတက်မှုတစ်ခုအနေနဲ့သတ်မှတ်ထားခဲ့တာ ဖြစ်ပြီး နောက်ပိုင်း လူမှုကွန်ရက်စွဲလမ်းမှုအပေါ် ဝေဖန်မှုများ မြင့်တက်လာပြီးနောက်မှာ ပြောင်းလဲဖို့ကြိုးပမ်းလာကြတာပါ။
၂၀၁၈ နှစ်ဆန်းပိုင်းကစပြီး Google နဲ့Apple ဟာ Android နဲ့iOS တွေကနေ တစ်ဆင့် ဖုန်းတွေမှာ ဘယ် app ကို ဘယ်လောက်ကြာအောင် သုံးနေမိလဲဆိုတာ ပြသပေးမယ့် features သစ်တွေ မိတ်ဆက်ခဲ့ပါတယ်။ WWDC 2018 ပွဲမှာဆို Apple ဟာ iOS 12 နဲ့အတူ တစ်နေ့တစ်န့Facebook မှာ ကိုယ်အချိန်ဘယ်လောက် ဖြုန်းနေမိပြီလဲ ကြည့်လို့ရမယ့် feature နဲ့ မိဘတွေကနေ ကလေးတွေ ဖုန်းသုံးတဲ့ screen time ကို ကန့်သတ်ပေးတာမျိုးလေးတွေ ထည့်သွင်းပြီး ဖုန်းစွဲလမ်းမှုကို လျှော့ချဖို့ကြိုးပမ်းခဲ့ပါတယ်။