ဒေါ်လာ ၆၀၀ နဲ့ ၉၀၀ ဈေးတွေကနေ စတင်ရောင်းချသွားမယ့် Pixel 6 နဲ့ Pixel 6 Pro တို့ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။
Camera King လို့ လူပြောများတဲ့ Google Pixel ဖုန်းတွေဟာ စမတ်ဖုန်းဈေးကွက်ဝေစု သိပ်များများမရပေမယ့် အကောင်းဆုံးအန်းဒရိုက်ဖုန်းတွေအဖြစ် အသိအမှတ်ပြုကြပါတယ်။ Google Pixel 6 နဲ့ Pixel 6 Pro တွေဟာ ဓါတ်ပုံစွမ်းဆောင်ရည်အပြင် ကုမ္ပဏီရဲ့ custom ဒီဇိုင်းထုတ်ထားတဲ့ chipset သစ် ၊ စမတ်နည်းပညာနဲ့ အကြီးစားဘက်ထရီပါဝါတွေ သုံးလာပါတယ်။
အချက်အလက်နဲ့ ဖုန်းဒီဇိုင်းကတော့ ပြီးခဲ့တဲ့လအတော်ကြာက ပေါက်ကြားထားတဲ့အတိုင်းပါပဲ။ Pixel 6 စီးရီးဟာ ရှေ့ဘက် punch-hole display ၊ ကျောဘက် ဆန်းသစ်တီထွင်မှုရှိတဲ့ဒီဇိုင်းဆန်းနဲ့ လာပါတယ်။ ရှေ့ဘက်မှာ punch-hole ကင်မရာနဲ့ မှန်ပြင်ပြည့်ဒီဇိုင်းချထားပြီး ကျောဘက်အလျားလိုက် ဘောင်ပြည့်ကင်မရာအိမ်နဲ့လာပါတယ်။ နှစ်ရောင်စပ်ကာလာနဲ့ ဒီဇိုင်းထူးခြားမှုကလည်း ဒီဖုန်းတွေရဲ့ Main stream နဲ့ ကွဲထွက်မှုပါပဲ။
Photo: GSMArena
Pixel ဖုန်းသစ်တွေမှာ အဓိက features တစ်ခုက Google ရဲ့ ကိုယ်ပိုင်လက်ရာ Tensor chip ပါပဲ။ 5nm SoC ဟာ octa-core processor အမျိုးအစားဖြစ်ပြီး Cortex-X1 cores နှစ်ခုနဲ့ လာပါတယ်။ ကျန်တဲ့ cores တွေက mid-level cores နှစ်ခုနဲ့ power-efficient cores လေးခုပါပဲ။ စမတ်ဖုန်းဓါတ်ပုံနည်းပညာအတွက် ဒီ chip မှာပါတဲ့ custom image processor ကလည်း နောက် Level တစ်ခုကို မြှင့်တင်ပေးနိုင်မယ်လို့ ကြေညာထားပါတယ်။
ဓါတ်ပုံစွမ်းဆောင်ရည်နဲ့ ပတ်သက်ရင် နာမည်ကျော်တဲ့ Google Pixel တွေဟာ ဒီတစ်ခေါက်မှာလည်း ဓါတ်ပုံထဲက ပုံထွက်မလှတဲ့ အနှောင့်အယှက်တွေကို အလိုအလျောက် ဖယ်ရှားပေးမယ့် Magic Eraser စနစ် ၊ ရိုက်ထားတဲ့ပုံတွေထဲက ရှင်းလင်းပြတ်သားတဲ့မျက်နှာပုံ ဆွဲထုတ်နိုင်မယ့် Face Unblur စနစ် ၊ ရိုက်မယ့် subject ခွဲထုတ်မှုကို ပိုကောင်းစေပြီး အသားအရေပိုလှအောင် Render ကိုင်ပေးမယ့် Portrait Mode ၊ Pixel ရဲ့ နာမည်ကျော် Night Mode နဲ့ Astrophotography features တို့လည်း ပါဝင်ပါတယ်။
Tensor chipset ဟာ ကင်မရာ viewfinder ထဲက စာသား ၊ အညွှန်းနဲ့ မက်ဆေ့တွေကို ဘာသာစကား ၅၅ မျိုးအထိ ဘာသာပြန်ပေးနိုင်မယ့် Live Translate လုပ်ဆောင်ချက် ပံ့ပိုးနိုင်ပါတယ်။ offline မှာတောင် Pixel 6 နဲ့ 6 Pro တို့ဟာ ပြင်သစ် ၊ ဂျာမန် ၊ အီတလီ ၊ ဂျပန် ၊ ပေါ်တူဂီ နဲ့ စပိန်ဘာသာစကားတွေကို ဘာသာပြန်တစ်ယောက်လို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
Tensor chip မှာ Titan M2 Security chip တစ်ခုလည်း ပါရှိပါတယ်။ Titan M2 security chip ဟာ ဖုန်းထဲက ဓါတ်ပုံ ၊ စာသားနဲ့ အရေးကြီး အချက်အလက်တွေကို ပြင်ပကနေ ဆိုက်ဘာတိုက်ခိုက်ပြီး မယူနိုင်အောင် ကာကွယ်ပေးမှာပါ။ Google အနေနဲ့ Pixel 6 lineup မှာ ပါတဲ့ ဒီ chips အတွက် ၅ နှစ်အထိ security updates ပေးနေမယ်လို့ ဆိုပါတယ်။ ကွန်ရက်ချိတ်ဆက်မှုအနေနဲ့ Pixel 6 မှာ sub-6 5G ပံ့ပိုးထားပြီး Pixel 6 Pro မှာ sub-6 5G အပြင် mmWave 5G ပါ support ပေးထားပါတယ်။
Pixel 6 နဲ့ 6 Pro တို့ဟာ ၆.၄ လက်မ 1080p AMOLED screen နဲ့ ၆.၇ လက်မ 1440p LTPO AMOLED screen တို့နဲ့လာပါတယ်။ Pixel 6 ဟာ 90Hz refresh rate နဲ့လာပြီး Pixel 6 Pro ကတော့ 120Hz refresh rate သုံးထားပါတယ်။ Pixel 6 Pro က ပိုကွေးညွှတ်တဲ့ မှန်ခုံးသုံးထားပြီး ဖုန်းနှစ်မျိုးစလုံးဟာ Gorilla Glass Victus မှန်အုပ်ထားပါတယ်။ ဖုန်းလုံခြုံရေးအနေနဲ့ built-in လက်ဗွေဖတ်စနစ် ပါရှိပါတယ်။
ရှေ့ကင်မရာအနေနဲ့ Pixel 6 ဟာ 8MP selfie သုံးထားပြီး Pixel 6 Pro ဟာ 11.1 ultrawide selfie ကင်မရာနဲ့ လာပါတယ်။ Pixel 6 ဟာ ကျောဘက် 50MP wide angle main sensor ၊ 12MP ultrawide (၁၁၄ ဒီဂရီ FOV) နဲ့ လာပါတယ်။ 50MP ဆိုတာ Pixel ကင်မရာထဲမှာ အကြီးဆုံး sensor ဖြစ်ပြီး အလင်းဝင်မှုမှာ အရင် Pixel 5 အတွက် ၁၅၀% ပိုများမယ်လို့ ဆိုပါတယ်။ Pixel 6 Pro မှာ 48MP 4x optical zoom tele ကင်မရာတစ်လုံး ပိုပါလာပါတယ်။
Photo: GSMArena
Pixel 6 ဟာ 4614 mAh ဘက်ထရီနဲ့ လာပြီး Pixel 6 Pro မှာ ပိုကြီးတဲ့ 5000mAh သုံးထားပါတယ်။ ဖုန်းနှစ်မျိုးစလုံးမှာ USB-C fast charging နဲ့ အားသွင်းနိုင်မယ့် 30W charging နဲ့ လာပြီး Google ရဲ့ Pixel Stand charger သစ်နဲ့ Wireless အားသွင်းတာဆို 21W/23W အထိ support ပေးမယ်လို့ ဆိုပါတယ်။ ဖုန်းဗူးထဲမှာတော့ wired ရော wireless charger ပါ ထည့်မထားပါဘူး။
Google Pixel 6 ဟာ textured အလူမီနီယမ်ဖရိန်နဲ့ လာပြီး Sorta Seafoam ၊ Kinda Coral ၊ Stormy Black အရောင်တွေနဲ့ ထွက်ထားပါတယ်။ Pixel 6 Pro ဟာ polished အလူမီနီယမ်ဖရိန်နဲ့ လာပြီး လာပြီး Cloudy White ၊ Sorta Sunny ၊ Stormy Black သုံးရောင်နဲ့လာပါတယ်။ Pixel 6 ( RAM 8GB/128GB နဲ့ RAM 8GB/256GB) မော်ဒယ်နှစ်မျိုးနဲ့ ထွက်ထားပြီး အနိမ့်ဆုံးမော်ဒယ်ကို ဒေါ်လာ ၆၀၀ (မြန်မာငွေ ၁၁ သိန်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။
Pixel 6 Pro ကို 12/128GB ၊ 12/256GB/ 12/512GB မော်ဒယ်တွေနဲ့ ထွက်ထားပြီး ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၇ သိန်ကျော်) ဈေးနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။
Share