SEA ဒေသအတွင်းက ထိပ်သီး Dota2 အသင်းနှစ်သင်းဖြစ်တဲ့ Fnatic နဲ့ TNC တို့ဟာ COVID-19 ရောဂါတိုက်ဖျက်ရေးရန်ပုံငွေအတွက် Bo5 ကစားပွဲကို ယှဉ်ပြိုင်ခဲ့ပါတယ်။
ဒီနှစ်သင်းဟာ ဧပြီအစမှာ တစ်ယောက်နဲ့တစ်ယောက် Meme တွေတင်ပြီး အပြန်အလှန်နောက်ပြောင်ကျီစယ်ခဲ့ကာ လူအများအာရုံစိုက်လာတဲ့အခါ အခုလို ရန်ပုံငွေပွဲကစားဖို့ စီစဉ်ခဲ့တာပါ။ ထူးခြားချက်က ပွဲငယ်ငါးပွဲကစားရာမှာ တစ်ပွဲနဲ့တစ်ပွဲ Format မတူဘဲ Fun Match ဆိုတဲ့အတိုင်း ပျော်စရာကောင်းတဲ့ကစားနည်း ငါးမျိုးနဲ့ ယှဉ်ပြိုင်ခဲ့ကြတာပါ။
ဒီလိုယှဉ်ပြိုင်ခဲ့ရာမှာ ငါးပွဲလုံးအပြည့်ကစားခဲ့ပြီးမှ TNC အသင်းက 3 – 2 ရလဒ်နဲ့အနိုင်ရရှိခဲ့ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးရန်ပုံငွေဆိုတဲ့အတိုင်း ပွဲကြည့်ပရိသတ်တွေက အွန်လိုင်းကနေ အလှူငွေပါဝင်ခဲ့ကြရာမှာ ဖိလစ်ပိုင်ပီဆို ၁.၇၂ သိန်း (မြန်မာငွေ ၄၈ သိန်းကျော်) ရရှိခဲ့ပါတယ်။
သူတို့ကစားခဲ့တဲ့ Game Mode တွေနဲ့ ဘယ်သူတွေအနိုင်ရခဲ့လဲ ဆိုတာကို အောက်မှာဆက်ပြီး ဖော်ပြသွားပါမယ်။
1. Reverse Captain's Mode
ပထမဆုံးပွဲက ရန်သူအသင်းအတွက် ဟီးရိုးရွေးပေးရတဲ့ Reverse Captain’s Mode ဖြစ်ပြီး နှစ်သင်းစလုံးက ပြိုင်ဘက်အတွက် Carry Hero တွေချည်းရွေးပေးခဲ့ကြပါတယ်။ ဒါပေမယ့် TNC က အပြတ်အသတ်အနိုင်ရရှိခဲ့ပါတယ်။
2. All Random Death Match Mode
ဒုတိယပွဲကတော့ မူရင်း Dota ခေတ်ထဲက ရှိခဲ့တဲ့ Mode တစ်ခုဖြစ်တဲ့ ARDM သို့မဟုတ် All Random Death Match ပါပဲ။ သေသွားရင် ဟီးရိုးပြောင်းသွားတဲ့ Mode မှာတော့ Fnatic က တစ်ဖက်သတ်ပြန်အနိုင်ယူခဲ့ပြီး ပွဲရှိန်ကို မြှင့်တင်ပေးခဲ့ပါတယ်။
3. Pudge Wars - Race to 40
Dota ကစားသမားတိုင်း အကြိုက်တွေ့တဲ့ Pudge Wars (Pudge Hero ကိုသာ ဆယ်ယောက်လုံးကိုင်တွယ်ရတဲ့) Mode မှာတော့ Hero Kill 40 ပြည့်ရင် နိုင်မှာဖြစ်ပြီး TNC နဲ့ Fnatic တို့ အပြန်အလှန်ယှဉ်ပြိုင်ခဲ့ရာမှာ နောက်ဆုံး 39 – 39 နဲ့ ကြည့်အကောင်းဆုံးပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Fnatic က အရင် Hero Kill 40 ပြည့်သွားပြီး နှစ်ပွဲအနိုင်နဲ့ ပြန်လည်ဦးဆောင်ခဲ့ပါတယ်။
4. Ability Draft
လေးပွဲမြောက်ကတော့ Dota2 ကစားသမားတွေအကြိုက် Game Mode တစ်ခုဖြစ်တဲ့ Ability Draft ပါ။ စိတ်ကြိုက် Ability ရွေးချယ်ကစားရတဲ့ပွဲမှာ TNC အနိုင်ရခဲ့လို့ ၂ - ၂ ရလဒ်ဖြစ်သွားပြီး နောက်ဆုံးပွဲစဉ်ကို ဆော့ကစားရဖို့ ဖြစ်လာခဲ့ပါတယ်။
5. Turbo Match
ပဉ္စမမြောက်နဲ့ နောက်ဆုံးပွဲစဉ်ကတော့ Turbo Mode ပါ။ Dota ရဲ့ ရှည်လျားကြာညောင်းတဲ့ ဂိမ်းကို အလျှင်အမြန်ကစားလိုသူတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ Turbo Match မှာတော့ TNC ကစားသမား Armel ဟာ Bloodseeker ကို Dagon နဲ့ ကစားခဲ့ပြီး သူ့အသင်းကို နိုင်ပွဲရအောင် ဦးဆောင်ပေးနိုင်ခဲ့ပါတယ်။
အပြန်အလှန်စိတ်လှုပ်ရှားဖွယ်ကစားခဲ့ပြီးနောက် TNC က ၃ - ၂ ရလဒ်နဲ့အနိုင်ရခဲ့ပေမယ့် ဒီလောက်နဲ့ မပြီးသေးဘဲ Fnatic နဲ့ TNC တို့ရဲ့ ဆိုရှယ်မီဒီယာ Page တွေကို ကိုင်တွယ်တဲ့ အက်ဒ်မင်တွေက 1vs1 Shadow Fiend ပွဲကိုပါ ဆော့ကစားခဲ့ကြပါတယ်။