မန္တလေး တက္ကသိုလ်ဝန်းအတွင်း Food Court တည်ဆောက်မှုမှာ ကျောင်းကိုအသုံးချပြီး ကိုယ်ကျိုးအတွက် လုပ်ခဲ့တာတွေက အများကြီးပါဝင်ခဲ့လို့ ကျောင်းသားတွေအတွက် နစ်နာမှုတွေအများကြီးရှိခဲ့တယ်လို့ သိရပါတယ်။ အဆင့်မြင့်ပညာဦးစီးဌာနကလည်း Food Court ဆောင်ရွက်မှုနဲ့ ပတ်သက်လို့ ညွှန်ကြားချက်များကို လိုက်နာရန်ပျက်ကွက်ခဲ့တဲ့ မန္တလေး တက္ကသိုလ် ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်ကြောင်းဇန်နဝါရီလ(၂၈)ရက်နေ့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ကျောင်းသားတွေဘက်ကတော့ ပါမောက္ခချုပ်ကိုအငြိမ်းစားပေးရုံမဟုတ်ဘဲ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကိုလည်း ဘယ်လိုအရေးယူသွားမလဲဆိုတာစောင့်ကြည့်သွားမယ်လို့ ဆိုပါတယ်။
“ ကျွန်တော်တို့ တောင်းဆိုတာက ဥပဒေချိုးဖောက်ခဲ့တဲ့သူတွေကို ဥပဒေအရအရေးယူပေးဖို့အတွက်ပဲ။ ကျွန်တော်တို့က လူကိုဆန့်ကျင်နေတာမဟုတ်ဘူး၊ စနစ်ကိုဆန့်ကျင်နေတာ။ စနစ်က ဒီလိုမျိုးပုံစံဖြစ်သင့်တယ်ဆိုတဲ့အရာကို ကျွန်တော်တို့ကတောင်းဆိုနေတာ။ ဒီကိစ္စမှာ ပါမောက္ခချုပ်အနေနဲ့ တာဝန်အရှိဆုံးသူဆိုတာမှန်တယ်။ ဒါပေမယ့် တခြားတာဝန်ရှိတဲ့ သူတွေကိုကော ဘယ်လိုမျိုးအရေးယူမလဲဆိုတာကျွန်တော်တို့ကစောင့်ကြည့်မယ်။ ပါမောက္ခချုပ်ကို အငြိမ်းစားပေးလိုက်လို့ သပိတ်ကတော့ ပြန်လှန်မှာမဟုတ်ဘူး”လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဌ ကိုဝေယံထက်က Duwun ကိုပြောပါတယ်။
မန္တလေး တက္ကသိုလ်ဝင်းအတွင်းမှာ တက္ကသိုလ်ပါမောက္ခချုပ်က Food Court ဆောက်လုပ်ခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး ကျောင်းသားသမဂ္ဂအဖွဲ့က သိပိတ်မှောက် ဆန္ဒပြတောင်းဆိုလာတာ အချိန်အားဖြင့် (၅)လနီးပါးကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။
Food Court ဆိုင်တန်းကို ၂၀၁၈ခုနှစ် သြဂုတ်လက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး ဆိုင်ကလည်း အားလုံးဆောက်လုပ်ပြီးစီးနေပြီဖြစ်ပါတယ်။ ကျောင်းသားတွေဘက်က ဒီ Food Court တည်ဆောက်မှုနဲ့ ပတ်သက်လို့ အခုချိန်မှာတော့ ဒုတိယအကြိမ်မြောက်အဖြစ် ပြန်လည် သမိတ်မှောက်ဆန္ဒပြနေတာလည်းဖြစ်ပါတယ်။