Tesla ကားကုမ္ပဏီရဲ့ တန်ဖိုးဟာ ပြိုင်ဘက်ကားကုမ္ပဏီကြီး ၁၄ ခုထက်ကို အပြတ်အသတ် ပိုမြင့်နေပါတယ်။
ပြီးခဲ့တဲ့နှစ်ထဲမှာ ဒေါ်လာ ၁.၁ ထရီလီယံတန် ကုမ္ပဏီအဖြစ်ကို ရောက်လာတဲ့ Tesla လျှပ်စစ်ကားကုမ္ပဏီဟာ နှစ်သစ်ကူးမှာလည်း သတင်းကောင်းနဲ့ ရှေ့ဆက်နိုင်ခဲ့ပါတယ်။ Tesla ဟာ ၂၀၂၁ ခုနှစ်ထဲမှာ စုစုပေါင်း ကားအစီးရေ ၉၃၆၁၇၂ စီးအထိ စံချိန်တင် ရောင်းချနိုင်ခဲ့ပြီး နောက်ဆုံးသုံးလပတ်မှာ ကားအစီးရေ ၃၀၈၆၀၀ စီးအထိ ရောင်းချနိုင်ခဲ့တာပါ။
Photo: thedriven
ကားကုမ္ပဏီတွေထဲကမှ ပထမဆုံးဒေါ်လာထရီလီယံတန် လုပ်ငန်းအဖြစ်ကို ရောက်လာတဲ့ Tesla ဟာ ကမ္ဘာပေါ်မှာ တန်ဖိုးအကြီးဆုံး ကားကုမ္ပဏီဆိုလည်း မမှားပါဘူး။ Tesla ကားကုမ္ပဏီရဲ့ တန်ဖိုးဟာ ပြိုင်ဘက်ကားကုမ္ပဏီတွေ အနားကပ်မရအောင် မြင့်မားနေတာပါ။ ဇန်နဝါရီ ၁၈ရက်နေ့က Tesla Silicon Valley Club ရဲ့ Tweet ထဲမှာ ဒေါ်လာ ၁.၁ ထရီလီယံတန် Tesla နဲ့ တခြားကားကုမ္ပဏီ ၁၄ ခုပေါင်းရဲ့ တန်ဖိုးကို နှိုင်းယှဉ်ပြထားပါတယ်။
ကားကုမ္ပဏီ ၁၄ ခုထဲမှာ GM ၊ Ford ၊ Toyota ၊ Ferrari ၊ Honda ၊ Daimler ၊ BMW ၊ Volkswagen ၊ Nissan ၊ Hyundai ၊ Kia ၊ Subaru ၊ Aston Martin နဲ့ Mazda တို့ ပါဝင်ပြီး ဒီကုမ္ပဏီတွေ အားလုံးပေါင်းရဲ့ တန်ဖိုးဟာ ဒေါ်လာ ၉၅၅ ဘီလီယံအထိပဲ ရှိတယ်လို့ ဖော်ပြထားပါတယ်။ Tesla နဲ့ ယှဉ်မယ်ဆို ဘီလျံ ရာနဲ့ချီ ကွာခြားနေတာ ဖြစ်ပါတယ်။ Tesla Silicon Valley Club ရဲ့ Tweet အောက်မှာ Tesla တည်ထောင်သူနဲ့ CEO အီလွန်မတ်စ်က "တော်တော်လေး မိုက်တယ်" လို့ Retweet ပြန်တင်ထားပါတယ်။
Photo: CNET
Tesla ဟာ သန့်စင်လျှပ်စစ်စွမ်းအင်ကုမ္ပဏီတစ်ခုအဖြစ် ၂၀၀၄ ခုနှစ်က စတင် တည်ထောင်ခဲ့တာ ဖြစ်ပြီး ကုမ္ပဏီစပြီး ထောင်ချိန်က လျှပ်စစ်ကားတွေဆိုတာ စိတ်ကူးယဉ်မှုတစ်ခုလို အများက ရှုမြင်ခဲ့တာပါ။ နောက်ပိုင်းမှာ ကမ္ဘာတဝှမ်း ကာဗွန်လျော့ချရေးအတွက် သန့်စင်စွမ်းအင်ကဏ္ဍအလေးပေးလာပြီးနောက် လျှပ်စစ်ကားတွေ အကြီးအကျယ် ခေတ်စားလာချိန်မှာ Tesla ဟာ မယုံနိုင်လောက်အောင် ကြီးမားတဲ့ ဧရာမကားလုပ်ငန်းကြီးအဖြစ်ကို ရောက်လာခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပညာသစ်ကို ခြေလှမ်းကြိုပြင်ထားမှုက Tesla လို ၁၈ နှစ်သား ကားကုမ္ပဏီတစ်ခုကို သူ့အရင်နှစ်ပေါင်း ၁၀၀ ကျော်ကြာ မျိုးဆက်နဲ့ချီ ကားလုပ်ငန်း လုပ်ခဲ့တဲ့ ကုမ္ပဏီတွေထက် သာလွန်စေခဲ့တဲ့ အချက်လို့ ဆိုရမှာပါ။