လစဉ်ကစားသူ သန်း ၂၀၀ ကျော် ရှိပါတယ်။

လူအများကြီးနဲ့ကစားရတဲ့ အွန်လိုင်းတိုက်ခိုက်ရေးဂိမ်းတစ်မျိုး ဖြစ်တဲ့ Fortnite ကြောင့် ဒီဂိမ်းကို ရေးဆွဲတဲ့ Epic ဂိမ်းကုမ္ပဏီဟာ ဒီနှစ်ထဲမှာ ဒေါ်လာ ၃ ဘီလျံကျော် မြတ်ခဲ့တယ်လို့ဆိုပါတယ်။

Photo: Polygon

         လစဉ်ကစားသူ သန်း ၂၀၀ ကျော် ရှိထားတဲ့ Fortnite ဟာ PS4 ၊ Xbox One ၊ PC ၊ Nintendo Switch ၊ Android နဲ့iOS စတဲ့ ပလက်ဖောင်းအားလုံးမှာ အောင်မြင်မှုရထားတဲ့ ဂိမ်းသစ် ဖြစ်ပါတယ်။ အခမဲ့ ကစားနိုင်တဲ့ ဒီဂိမ်းဟာ Item Shop တွေကနေ ဝင်ငွေရနေတာ ဖြစ်ပြီး ၂၀၁၇ ဇူလိုင်လကမှ ဈေးကွက်မှာ စတင် မိတ်ဆက်ခဲ့တဲ့ ဂိမ်းလည်း ဖြစ်ပါတယ်။ Fortnite ဟာ ဂိမ်းမှာ ပါတဲ့ items တွေနဲ့Battle pass ရောင်းအားတွေကနေ ဝင်ငွေတဟုန်းထိုး မြင့်တက်နေပြီး ဧပြီတစ်လတည်းနဲ့ဒေါ်လာ ၂၉၆ သန်း ဝင်ခဲ့တယ်လို့Super Data Research ရဲ့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။

         Fortnite နဲ့Unreal Engine ဂိမ်းတွေကို ရေးဆွဲခဲ့တဲ့ အမေရိကန်ဂိမ်းကုမ္ပဏီ Epic Games ကို ၁၉၉၁ ခုနစ်က စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး အနှစ် ၃၀ နီးပါး ကုမ္ပဏီသမိုင်းမှာ ဒီလောက် ဝင်ငွေနဲ့ကစားတဲ့ ပလေယာပမာဏမျိုး မရဖူးခဲ့ဘူးလို့Tech Crunch က ဆိုပါတယ်။ အခုလို အမြတ်ငွေ စံချိန်တင်ရတဲ့ အကြောင်းတစ်ရပ်ကလည်း ကုမ္ပဏီအနေနဲ့ရှေ့အလားအလာကို ကြိုတွက်ပြီး ပြီးခဲ့တဲ့ ၆ နှစ်က ရေးဆွဲခဲ့တဲ့ အစီအစဉ်သစ်တွေကြောင့် အောင်မြင်လာတာပါ။

         စက်တင်ဘာလထဲမှာပဲ Epic ဟာ ဒေါ်လာ ဘီလျံနဲ့ချီတဲ့ ရင်းနှီးမြှပ်နှံမှုတွေကနေ ဒေါ်လာ ၁၅ ဘီလျံနီးပါး တန်တဲ့ ကုမ္ပဏီ ဖြစ်လာခဲ့ပါတယ်။ ဒီလို ရင်းနှီးမြှပ်နှံသူတွေထဲမှာ တရုတ်မှ ဂိမ်းနဲ့ဖျော်ဖြေရေး ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Tencent လည်း ပါဝင်ခဲ့ပါတယ်။ Tencent ဟာ Epic ရဲ့ စီးပွားရေးမှာ ဒေါ်လာ သန်း ၃၃၀ ထည့်ဝင်ထားပြီး ရှယ်ယာ ၄၀% ပိုင်ဆိုင်ထားပါတယ်။ Epic ဟာ console ဂိမ်းတွေကနေ စမတ်ဖုန်းတွေဆီ သွားတဲ့ လူတိုင်းကစားနိုင်မယ့် မိုဘိုင်းပလက်ဖောင်းကို ပြောင်းပြီး တင်ဆက်ခဲ့ရာကနေ ဝင်ငွေမြင့်တက်လာတာပါ။

         Tencent ဆီက ရင်းနှီးမြှပ်နှံမှု ရပြီးနောက် အခကြေးနဲ့device တွေ သုံးပြီး ဆော့ရတဲ့ တန်ဖိုးကြီး ဂိမ်းစက်တွေဆီကနေ အလကားဆော့နိုင်ပြီး item အရောင်းအဝယ် လုပ်နိုင်မယ့် Epic 4.0 လို့ခေါ်တဲ့ ဗျူဟာကို ပြောင်းလဲခဲ့ပါတယ်။ iOS ပေါ်မှာ ဒီဂိမ်းရဲ့ Season 4 ကို ဖြန့်ချိန်က တစ်ရက်တည်းနဲ့ဝင်ငွေ ဒေါ်လာ ၂.၂ ရရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ဒီဂိမ်းကို ဒေါင်းလုပ်ဆွဲတဲ့အကြိမ်ရေဟာ ၄၅ သန်းကျော်ခဲ့ပါတယ်။

Photo: Daily Express

         အခုဆို အန်းဒရိုက်ဖုန်းတွေမှာပါ ကစားနိုင်ပြီ ဖြစ်ပါတယ်။ အန်းဒရိုက်ဖုန်းတွေဆီ မရောက်ခင် ဇွန်လထဲမှာ လစဉ်ကစားသူ ၁၂၅ သန်း ရှိခဲ့ရာကနေ အခုဆို ဒီဂိမ်းကို ကစားသူဟာ သန်း ၂၀၀ ကျော်ပြီး ၆၀% အထိ မြင့်တက်လာခဲ့ပါတယ်။



Share

Loading Next Article...
က္က