Epic Games နဲ့ ပြဿနာတက်ပြီးနောက် Fortnite ဂိမ်းထည့်ထား တဲ့ iPhone တွေဟာ ထင်မထားလောက်အောင် ဈေးမြောက်သွားခဲ့ပါတယ်။
ဩဂုတ်လဆန်းပိုင်းမှာ Epic Games ဟာ Fortnite ဂိမ်းအတွင်း တိုက်ရိုက်ငွေပေးချေနိုင်မယ့်စနစ် ထည့်သွင်းတာကြောင့် App Store မှ ဖြုတ်ချခံခဲ့ရပါတယ်။ App Store ကို ကော်မရှင်ကြေး ၃၀% ပေးရတာကို ရှောင်ရှားဖို့ in-app purchase မှာ တိုက်ရိုက်ပေးတဲ့စနစ်ကို discount နဲ့ လုပ်ဆောင်ခဲ့တာပါ။
Photo: freetvonline
Apple ရော Google ပါ ဒီကိစ္စနဲ့ Fortnite ကို App Store/Play Store တွေပေါ်ကနေ ဖယ်ရှားခဲ့ပြီး Epic Games ဘက်ကလည်း ဈေးကွက်လက်ဝါးကြီးအုပ်မှုနဲ့ ကုမ္ပဏီနှစ်ခုစလုံးကို တရားစွဲထားပါတယ်။ Apple App Store ဟာ Fortnite ဂိမ်းအတွင်း in-app ဝယ်ယူမှုကနေ ဒေါ်လာသန်း ၃၆၀ ခန့် ရထားတာပါ။
လောလောဆယ် Fortnite ဂိမ်းကို iPhone နဲ့ iPad တို့ပေါ်မှာ ဒေါင်းလုပ်ဆွဲ ထည့်သွင်းမှုပေါင်း ၁၃၃.၂ သန်းကျော် ရှိထားပါတယ်။ App Store ပေါ်မှ Fortnite ဖယ်ရှားခံရပြီးနောက် Fortnite ထည့်သွင်းထားတဲ့ iPhone X (256GB) တစ်လုံးဟာ eBay အရောင်းဆိုက်မှာ အမြင့်ဆုံးဒေါ်လာ ၁ သောင်း (မြန်မာငွေ ၁၃၆ သိန်းကျော်ခန့်) ဈေး ပေါက်သွားပါတယ်။
Photo: newsbundleonline
eBay ပေါ်မှာ Fortnite ထည့်သွင်းထားတဲ့ iPhone 8 Plus တစ်လုံးကို ဒေါ်လာ ၄၃၀၀ (မြန်မာငွေ ၅၈ သိန်းခွဲခန့်) နဲ့ ရောင်းချနေပါတယ်။ Mactrast သတင်းမှာတော့ PUBG Mobile နဲ့ Fortnite သွင်းထားတဲ့ iPhone 11 (64GB) ကို ဒေါ်လာ ၁၅၀၀၀ (ချက်ချင်းဝယ် ဒေါ်လာ ၂ သောင်း) နဲ့ လေလံဆွဲနေကြတယ်လို့ ဖော်ပြထားပါတယ်။
Fortnite ဟာ ဂိမ်းပလက်ဖောင်းအားလုံးနီးပါးမှာ အခမဲ့ကစားနိုင်တဲ့ Battle Royale ဂိမ်းအမျိုးအစား ဖြစ်ပါတယ်။ ဒီဂိမ်းကို iOS ထုတ်ကုန်တွေအပြင် Android ၊ Nindento Switch ၊ Xbox One ၊ PC ၊ Playstation 4 တို့ပေါ်မှာလည်း ကစားနိုင်ပါတယ်။