ထိုင်ဝမ်နည်းပညာလုပ်ငန်းစု Foxconn ဟာ အိန္ဒိယနိုင်ငံ ဂူဂျာရတ်မှာ ရူပီးကုဋေ ၁.၅၄ သိန်း (ဒေါ်လာ ၁၉.၅ ဘီလျံ) တန် ရင်းနှီးမြှပ်နှံမှုဖို့ သဘောတူညီချက် ရခဲ့တယ်လို့ ဆိုပါတယ်။
Foxconn နဲ့ အိန္ဒိယသတ္ထုတွင်းတူးဖော်ရေးလုပ်ငန်းစုတစ်ခုဖြစ်တဲ့ Vedanta Resources တို့ဟာ ဂူဂျာရတ်ပြည်နယ်မှာ Semiconductor နဲ့ Display ထုတ်လုပ်ရေးစက်ရုံတွေ တည်ဆောက်ဖို့အတွက် နှစ်ဖက်သဘောတူလက်မှတ် MoU တစ်ခုမှာ လက်မှတ်ရေးထိုးလိုက်တယ်လို့ ဆိုပါတယ်။ ဒီ MoU ဟာ ရူပီးကုဋေ ၁.၅၄ သိန်း (ကန်ဒေါ်လာ ၁၉.၅ ဘီလျံ) တန်ကြေးရှိပြီး ဂူဂျာရတ်ပြည်နယ်သမိုင်းမှာ အကြီးမားဆုံး ရင်းနှီးမြှပ်နှံမှုတစ်ခုအဖြစ်လည်း ဖော်ပြထားပါတယ်။
ရင်းနှီးမြှပ်နှံမှုတန်ဖိုး ရူပီး ကုဋေ ၁.၆၄ သိန်းထဲက ကုဋေ ၉၄၀၀၀ ဟာ Display ထုတ်လုပ်ရေးဘက် အသုံးပြုသွားမှာ ဖြစ်ပြီး ရူပီး ကုဋေ ၆၀၀၀၀ ကိုတော့ Semiconductor စက်ရုံတည်ဖို့အတွက် ရင်းနှီးမြှပ်နှံသွားမှာမယ်လို့လည်း သိရပါတယ်။ သဘောတူလက်မှတ်ထိုးမှုကို အိန္ဒိယရထားလမ်းများ ၊ ဆက်သွယ်ရေး ၊ လျှပ်စစ် နဲ့ သတင်းအချက်အလက် ပြည်ထောင်စုဝန်ကြီး အက်ချ်ဝီနီ ဗစ်ရှနောရဲ့ ရှေ့မှောက်မှာ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်တယ်လို့လည်း Outlook India သတင်းက ဆိုပါတယ်။ အာမီဒါဘတ်မြို့အနားမှာ နှစ်နှစ်အတွင်း တည်ဆောက်သွားမယ့် ဒီပရောဂျက်ကနေ အလုပ်အကိုင်ပေါင်း ၁ သိန်းကျော် ဖန်တီးပေးနိုင်မယ်လို့လည်း ပြည်နယ်ဝန်ကြီးချုပ် ဘဟူပန်ဒြာ ပါတဲလ်က ခန့်မှန်းထားပါတယ်။
လက်မှတ်ထိုးပွဲမှာ ပြည်ထောင်စုအစိုးရကိုယ်စား ဂူဂျာရတ် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန အတွင်းဝန် ဗီဂျေး နီဟရာက လက်မှတ်ထိုးပါတယ်။ MoU နဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ် နာရင်ဒြာ မိုဒီကလည်း ဒီသဘောတူလက်မှတ်ရေးထိုးမှုဟာ အိန္ဒိယရဲ့ Semiconductor ထုတ်လုပ်ရေးဆိုင်ရာ ရည်မှန်းချက်ကို အရှိန်မြှင့်တင်ရာမှာ အရေးပါတဲ့ခြေလှမ်းတစ်ခု ဖြစ်လာမယ်လို့ Twitter ကနေ ရေးသားသွားခဲ့ပါတယ်။
"ဒီ MoU က အိန္ဒိယနိုင်ငံရဲ့Semiconductor ထုတ်လုပ်ရေးဆိုင်ရာရည်မှန်းချက်တွေကို အရှိန်တင်ဖို့ အရေးကြီးတဲ့ ခြေလှမ်းတစ်ခုပါ။ ရူပီးကုဋေ ၁.၅၄ သိန်း ရင်းနှီးမြှပ်နှံမှုကနေ စီးပွားရေးနဲ့အလုပ်အကိုင် တိုးတက်ရေးမှာ သိသာတဲ့သက်ရောက်မှုတစ်ခု ဖန်တီးပေးပါလိမ့်မယ်။ တခြားစီးပွားရေးကဏ္ဍတွေနဲ့ အသေးစား ၊ အလတ်စား ၊ အငယ်စားစီးပွားရေး MSMEs တွေကိုလည်း အထောက်အကူပြုနိုင်မှာပါ။ " လို့ မိုဒီရဲ့ Tweet မှာ ဖော်ပြထားပါတယ်။
Semiconductor chips တွေဟာ အီလက်ထရွန်းနစ်ပစ္စည်းတိုင်းအတွက် မရှိမဖြစ်အရေးပါတဲ့အရာဖြစ်ပြီး ကား ၊ စမတ်ဖုန်း နဲ့ တခြားအီလက်ထရွန်းနစ်ထုတ်ကုန်တွေမှာလည်းပဲ အသုံးပြုနေပါတယ်။ လက်ရှိအချိန်အထိ Semiconductor တွေကို အိန္ဒိယမှာ ထုတ်လုပ်ခြင်း မရှိသေးဘဲ ထိုင်ဝမ်ကပဲ အများဆုံး ထုတ်လုပ်တာ ဖြစ်ပါတယ်။ နီဟရာရဲ့ အဆိုအရ ကမ္ဘာပေါ်မှာ အသုံးပြုနေတဲ့ Chips အားလုံးရဲ့ ၈ ရာခိုင်နှုန်းဟာ ထိုင်ဝမ်မှာ ထုတ်လုပ်တာ ဖြစ်ပြီး ဒီနောက်မှာမှ တရုတ်နဲ့ဂျပန်တို့က အများဆုံး ထုတ်လုပ်နေကြတာလို့ ဆိုပါတယ်။
အိန္ဒိယမှာ Semiconductor ထုတ်လုပ်မှုစတင်ခြင်းဟာ ဗျူဟာမြောက်အရေးပါတဲ့ ဖြစ်ရပ်တစ်ခုဖြစ်ပြီး နောင်တစ်ချိန် တခြားနိုင်ငံတွေကို Chips အတွက် မှီခိုနေရမှုပါ လျှော့ချနိုင်တော့မှာ ဖြစ်ပါတယ်။ စက်ရုံတည်ဖို့အတွက်တော့ Foxconn နဲ့ Vedanta Resources တို့ နှစ်ဖက်အကျိုးတူပူးပေါင်းထားတဲ့ ကုမ္ပဏီဟာ ဂူဂျာရတ်မှာ လုပ်ငန်းတည်ဖို့ နေရာတွေ ဆန်းစစ်မှုလုပ်နေပြီး လာမယ့်သီတင်းပတ်တွေမှာ တည်နေရာကို အတည်ပြုလက်စသတ်နိုင်တော့မှာပါ။
လက်ရှိအချိန်အထိ အိန္ဒိယမှာ ဒေါ်လာဘီလျံ ၁၀၀ တန်ကျော် Unicorns စာရင်းဝင် ကုမ္ပဏီပေါင်း ၁၀၀ အပါအဝင် Startups ပေါင်း ၇ သောင်း ရှိပြီလို့လည်း ဆိုပါတယ်။ အိန္ဒိယဟာ ကမ္ဘာ့ဒုတိယအကြီးဆုံး စမတ်ဖုန်းထုတ်လုပ်သူနေရာကို ရောက်ရှိလာပြီး အိန္ဒိယကုမ္ပဏီတွေဟာ နှစ်စဉ် ဒေါ်လာဘီလျံ ၈၀ ဖိုးတန် အီလက်ထရွန်းနစ်ပစ္စည်းတွေ ထုတ်လုပ်နေကြပြီလို့လည်း ဝန်ကြီး ဗစ်ရှနောက ပြောဆိုခဲ့ပါတယ်။