အမျိုးသမီးတွေအတွက် Esports ပြိုင်ပွဲတွေကျင်းပပေးနေတဲ့ FSL ဟာ ယခုတစ်ခါ Dota 2 ပြိုင်ပွဲတစ်ခု ပြုလုပ်သွားမှာဖြစ်ပြီး မြန်မာကိုယ်စားပြုအသင်းလည်း ပါဝင်ယှဉ်ပြိုင်သွားမှာပါ။

အမျိုးသမီးသီးသန့် Esports ပြိုင်ပွဲတွေ ရှားပါးလှတဲ့အချိန်မှာ FSL ရဲ့ Dota 2 ပြိုင်ပွဲကို မြန်မာနိုင်ငံက Witches အသင်းက ကိုယ်စားပြုသွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။


   ပြီးခဲ့တဲ့လက စင်ကာပူမှာကျင်းပခဲ့တဲ့ အမျိုးသမီး Mobile Legends: Bang Bang ပြိုင်ပွဲရဲ့ Organizer ဖြစ်တဲ့ FSL ဟာ ထပ်မံပြီး အမျိုးသမီး Dota2 ပြိုင်ပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ အမျိုးသမီး Mobile Legends: Bang Bang ပြိုင်ပွဲမှာ မြန်မာအမျိုးသမီးအသင်း Venus Vixens ပါဝင်ခဲ့သလိုပဲ အခုတစ်ခါကျင်းပမယ့် Dota2 ပြိုင်ပွဲမှာလည်း မြန်မာမိန်းကလေးတွေနဲ့ ဖွဲ့စည်းထားတဲ့ Esports အသင်း Team Witches ပါဝင်သွားမယ်လို့ သိရပါတယ်။ 

FSL ဟာ အမျိုးသမီးများရဲ့ကဏ္ဍကို Esports ဘက်ကနေ မြှင့်တင်ပေးဖို့ ကြိုးစားနေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သူတို့အနေနဲ့ Mobile Legends: Bang Bang, Dota2 တင်မကဘဲ Arena Of Valor, League of Legends အစရှိတဲ့ ဂိမ်းတွေကိုပါ တိုးချဲ့ပြီး ပြိုင်ပွဲလုပ်ပေးသွားဦးမှာပဲဖြစ်ပါတယ်။



       နိုင်ငံတကာမှာ Esports ကဏ္ဍတွင်ကျယ်လာပေမယ့် အမျိုးသမီး Pro ကစားသမားတွေရဲ့ အရေအတွက်ဟာ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အဆမတန်ကို နည်းပါးလွန်းတာကြောင့် FSL ရဲ့ ပြိုင်ပွဲတွေဟာ မိန်းကလေးဂိမ်မာတွေအတွက် ကန္တာရထဲက ရေကြည်တစ်ပေါက်လို အဖိုးတန်လှပါတယ်။

FSL Dota2 ပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဆင့်မှာ အမျိုးသမီးအသင်း ၂၀ ပါဝင်မှာဖြစ်ပြီး အုပ်စု ၄ စုခွဲကာ ယှဉ်ပြိုင်ဆော့ကစားရမှာဖြစ်ပါတယ်။ အဆိုပါ အုပ်စု ၄ စုထဲက အုပ်စုဗိုလ်ဖြစ်မယ့် ၄ သင်းအနေနဲ့ Play-off အဆင့်ကို တိုက်ရိုက်တက်လှမ်းနိုင်မှာဖြစ်ပြီး အုပ်စုဇယားရဲ့ ဒုတိယနေရာမှာ ရှိမယ့်အသင်းတွေအနေနဲ့တော့ BO1 ဆော့ကစားပြီးမှ Play-off အဆင့်မှာ ကျန်ရှိနေတဲ့ တစ်နေရာအတွက် လုရမှာပဲဖြစ်ပါတယ်။ 

Play-off အဆင့်မှာတော့ ဖိတ်ခေါ်အသင်း ၃ သင်း၊ အဖွင့်ပွဲစဉ်ရဲ့ အုပ်စုဗိုလ် ၄ သင်း၊ အုပ်စုဇယားဒုတိယနေရာကအသင်းတွေ ယှဉ်ပြိုင်ပြီးတက်လှမ်းလာမယ့် ၁ သင်း၊ စုစုပေါင်း ၈ သင်းတို့ဟာ Double Elimination BO1 ပွဲစဉ်တွေကို ဆော့ကစားရမှာပဲဖြစ်ပါတယ်။

FSL Dota2 ပြိုင်ပွဲမှာ Play-off အဆင့်ကနေ တိုက်ရိုက်ဝင်ပြိုင်ဖို့ ဖိတ်ခေါ်ထားတဲ့ အမျိုးသမီးအသင်းတွေကတော့ Rajoro Wings, Pacific Pink, Asterisk တို့ပဲဖြစ်ပါတယ်။ FSL အမျိုးသမီး Dota2 ပြိင်ပွဲရဲ့ အုပ်စုပွဲစဉ်များကို ဇွန်လ ၂၇ နဲ့ ၂၈ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပြီး Play-off အဆင့်ပွဲစဉ်များကိုတော့ ဇွန်လ ၁၉ နဲ့ ၃၀ ရက်များမှာ ကျင်းပသွားမှာဖြစ်ပါတယ်။ ပွဲစဉ်များကို Female Esports League Dota2 Facebook Page မှာကြည့်ရှုနိုင်မှာပါ။ 


    Esports ဟာ နိုင်ငံတကာမှာ လျှင်မြန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီး အရှေ့တောင်အာရှရဲ့ အိုလံပစ်ပြိုင်ပွဲဖြစ်တဲ့ ဆီးဂိမ်းမှာလည်း ဒီနှစ်ကနေ စတင်ကာ ရွှေတံဆိပ်ခြောက်ခုတောင် ပေးအပ်ပါဝင်လာမှာပါ။ မြန်မာနိုင်ငံမှာလည်း အမျိုးသမီးကစားသမားတွေ Esports ထဲမှာ ပါဝင်လာဖို့ အားပေးအားမြှောက်ပြုသင့်ပါတယ်။ ဒါမှသာ နောက်ထပ်ကျင်းပမယ့် SEA Game လိုအားကစားပြိုင်ပွဲကြီးတွေမှာ အမျိုးသမီး Esports အခန်းကဏ္ဍသာပါဝင်လာတဲ့အခါ ဆုတံဆိပ်တွေ မျှော်မှန်းနိုင်မယ့် အသင်းမျိုး အဆင်သင့်မွေးထုတ်ပေးနိုင်မှာပါ။ 


Written by Myo Thant Kyaw


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က