တစ်ယောက်ရဲ့ လိုအပ်ချက်တိုင်းကို တစ်ယောက်ကဖြည့်ပေးတယ်။

နန်းဆုရတီစိုးက G-Fatt ကို ချစ်သူအဖြစ် လက်တွဲခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ G-Fatt ကြောင့်လည်း သူမ ပျော်ရွှင်နေရပါတယ်တဲ့။

Photo: G-Fatt fb



နန်းဆုရတီစိုးက အချစ်ရေးနဲ့ ပတ်သက်ပြီး အရမ်းကို ကံကောင်းသူလေးအဖြစ် ပရိသတ်တွေက အားကျနေရပါတယ်။ ဒါကြောင့် သူမခံယူထားတဲ့ အချစ်ရေးအကြောင်းလေးတွေကို Duwun Media ကနေပြောပြခဲ့ပါတယ်။

‘’ နန်းဆုတို့ ခံယူထားတဲ့ အချစ်ကလေ သူအောင်မြင်နေတာ၊ သူအဆင်ပြေသွားတာကို ပြုံးပြီး ကြည့်နေချင်တာပေါ့နော်။ နှစ်ယောက်စလုံးကလေ ကိုယ်လုပ်ပေးလိုက်လို့ ပိုအောင်မြင်သွားရင် ပျော်တာပေါ့။ အဲ့ဒီလို စိတ်လေးတွေရှိကြတဲ့ အတွက် အချင်းချင်းကူညီပေးဖြစ်တာပါ’’ လို့ သူကဆိုပါတယ်။

Photo: G-Fatt fb

G-Fatt နဲ့ နန်းဆုတို့ စုံတွဲလေးဟာ လက်ရှိမှာ ဂီတအလုပ်တွေလည်း အတူတူဆောင်ရွက်နေတာကို တွေ့ရပါတယ်။ အဲဒီနောက် တစ်ယောက်ရဲ့ လိုအပ်ချက်တိုင်းကို တစ်ယောက်က ဖြည့်ဆည်းပေးတတ်ကြတယ်လို့ Zoey Fashion ဆိုင်ဖွင့်ပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’ သူနဲ့ အတူတူသွား၊ အတူတူလာနေတဲ့အချိန်မှာ ကိုယ့်ရဲ့ အားနည်းချက်ကို တစ်ဖက်လူက ပိုပြီးသိတာပေါ့။ မှားတာရှိရင်လည်း ဒါကတော့ မလုပ်သင့်ဘူး မှားနေတယ်ဆိုပြီးတော့ ပြောပေးမယ့်သူတစ်ယောက်ရှိတော့ တော်သေးတာပေါ့။ ပြီးတော့ ဆုံးဖြတ်ချက်တွေလည်း အတူတူစဉ်းစားပြီးတော့ ဆုံးဖြတ်လို့ရသွားတာပေါ့။ တစ်ယောက်ရဲ့ လိုအပ်ချက်လေးတွေကို တစ်ယောက်ကဖြည့်ပေးတယ်’’လို့ ဆိုပါတယ်။

G-Fatt ကို ချစ်သူတစ်ယောက်အဖြစ် လက်တွဲဖြစ်ခဲ့တဲ့ အကြောင်းကိုလည်း နန်းဆုရတီစိုးက အခုလိုပြောပြလာပါတယ်။ G-Fatt ကြောင့်လည်း ပျော်ရွှင်ရတယ်လို့ ဆိုပါတယ်။

‘’  အချစ်မှာ ပုံစံတွေ၊ Type တွေ၊ ပိန်တာ ဝတာတွေ၊ ငယ်တာ ကြီးတာတွေ ဘာမှမလိုဘူးလို့ထင်တယ်။ ချစ်တဲ့ အချိန်မှာတော့ အဲဒါတွေ ဘာမှ မစဉ်းစားမိဘူး။ ကိုယ့်အကြောင်း သီချင်းရေးပါလို့လည်း မပြောဖူးဘူးပေါ့နော်။ သူကချည်းပဲ ရေးပြီး Surprise လာလာလုုပ်တာပေါ့နော်။ အဲဒီလိုဆိုတော့လည်း ကိုယ်ပျော်တာပေါ့’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: G-Fatt fb

G-Fatt နဲ့ နန်းဆုရတီစိုးတို့ရဲ့အချစ်ရေးကို ရူးအောင်ချစ်ရသူ သီချင်းနဲ့ ဆက်စပ်ပြီး ပရိသတ်တွေစိတ်ဝင်စားခဲ့တာဖြစ်ပါ တယ်။ နန်းဆုရတီ စိုး က လက်ရှိမှာ သီချင်းများဖန်တီးနေပြီးသီချင်းခွေအသစ်ထွက်ဖို့လည်းစီစဉ်နေတယ်လို့ သိရပါတယ်။ သူ့ရဲ့ ချစ်သူ GFatt ကလည်း ဂီတလောကထဲမှာ လူငယ်ကောင်မလေးတွေရဲ့အားပေးမှု အခိုင်အမာရရှိထားသူတစ်ဦးဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က