G20 နိုင်ငံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးကို ဂျပန်နိုင်ငံ အိုဆာကာမြို့မှာ ယနေ့ (ဇွန် ၂၈ ရက်) ဖွစ်လှစ်ခဲ့ပြီး နှစ်ပေါင်းအတန်ကြာအတွင်း အချေအတင်အဖြစ်ဆုံး တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
(Photo: Brendan Smialowski/AFP)
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအဘေးက G20 ထိပ်သီးအစည်းအဝေးကို တက်ရောက်လာကြတဲ့ နိုင်ငံခေါင်းဆောင်တွေကို စင်မြင့်ထက်ကနေ ကြိုဆိုနှုတ်ဆက်မှုနဲ့အတူ အစည်အဝေးကို စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ယခု ကျင်းပပြုလုပ်တဲ့ G20 အစည်းအဝေးဟာ ၁၄ ကြိမ်မြောက်ဖြစ်ပြီး ကုန်သွယ်ရေး၊ ပထဝီနိုင်ငံရေးတင်းမာမှုများနဲ့ ရာသီဥတုပြောင်းလဲမှု ကိစ္စရပ်တွေကို အဓိက ဆွေးနွေးကြမယ်လို့ သိရပါတယ်။
G20 ထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၈ ရက်နဲ့ ၂၉ ရက်တို့မှာ ကျင်းပပြုလုပ်မှာဖြစ်ပြီး ယနေ့ ဖွင့်ပွဲအခမ်းအနားမှာတော့ နိုင်ငံခေါင်းဆောင်တွေကို ပြုံးရွှင်စွာဖြင့် စုပေါင်းဓာတ်ပုံရိုက်ခဲ့ကြတာ တွေ့ရပါတယ်။ စုပေါင်းဓာတ်ပုံ မရိုက်ခင်မှာ ၎င်းတို့နှစ်နိုင်ငံကြား ကုန်သွယ်ရေးစစ်ပွဲ ဆင်နွှဲနေကြတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ တရုတ်သမ္မတ ရှီကျင်းပင်တို့လည်း လက်ဆွဲနှုတ်ဆက်ခဲ့ကြပါတယ်။
(Photo: AFP/Getty Images)
ထိပ်သီးအစည်းအဝေး ပထမပိုင်းမှာ ပုဂ္ဂိုလ်ရေးနဲ့ လုံခြုံရေးဆိုင်ရာတွေအပေါ် စိုးရိမ်းမှုတွေရှိနေကြတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကိစ္စကို အဓိကထား ဆွေးနွေးကြရန် စီစဉ်ထားခဲ့တယ်လို့ ဆိုပါတယ်။ ဂျပန်နိုင်ငံဟာ G20 ထိပ်သီးအစည်းအဝေးကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပမှုလည်း ဖြစ်ပါတယ်။
"ဒစ်ဂျစ်တယ်စနစ်ပြောင်းမှုက ကျွန်တော်တို့ လူမှုအဖွဲ့အစည်းရဲ့ ကဏ္ဍမျိုးစုံနဲ့ စီးပွားရေးကို အလျင်အမြန် အပြောင်းအလဲဖြစ်စေပါတယ်၊ ကမ္ဘာတစ်ဝှမ်း ဒစ်ဂျစ်တယ်စီးပွားရေး အရှိန်အဟုန်ကောင်းနေတာကို မြင်တွေ့ရတာ ကျွန်တော် ဝမ်းမြောက်မိပါတယ်" လို့ ဂျပန်ဝန်ကြီးချုပ် အဘေးက ပြောပါတယ်။
(Photo: Getty Images)
သမ္မတထရန့်ကတော့ တရုတ်ဆက်သွယ်ရေးကုမ္ပဏီ Huawei ရဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုကို အမေရိကန်က စိုးရိမ်ပူပန်ကြောင်းကို ရည်ညွန်းပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ "ကျွန်တော်တို့ ဒစ်ဂျစ်တယ်ကုန်သွယ်မှုကို တိုးချဲ့ကြတယ်၊ ကျွန်တော်တို့ရဲ့ 5G ကွန်ရက်တွေကိုလည်း ခံနိုင်ရည်ရှိအောင်နဲ့ လုံခြုံရေးကောင်းအောင် ဆောင်ရွက်ရမှာပါ" လို့ အမေရိကန်သမ္မတ ထရန့်က ပြောခဲ့ပါတယ်။ ယခုနှစ် G20 ထိပ်သီးအစည်းအဝေးကို အဖွဲ့ဝင်နိုင်ငံအသီးသီးမှ ခေါင်းဆောင်များ၊ အခြား ဖိတ်ကြားထားတဲ့ နိုင်ငံခေါင်းဆောင်များနဲ့ နိုင်ငံတကာအဖွဲ့အစည်းများမှ အကြီးအကဲများ တက်ရောက်ကြပါတယ်။
(Photo: Reuters)
G20 အုပ်စုမှာပါဝင်ကြတဲ့ အဖွဲ့ဝင်နိုင်ငံတွေကတော့ အာဂျင်တီးနား၊ သြစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ ဂျပန်၊ မက္ကစီကို၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ တောင်အာဖရိက၊ တောင်ကိုရီးယား၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်၊ ဥရောပသမဂ္ဂတို့ ဖြစ်ကြပါတယ်။ ယခုနှစ် အစည်းအဝေးကို ချီလီ၊ အီဂျစ်၊ နယ်သာလန်၊ ဆီနီဂေါ၊ စင်ကာပူ၊ စပိန်၊ ထိုင်းနဲ့ ဗီယက်နမ်တို့က ဧည်သည့်နိုင်ငံများအဖြစ် တက်ရောက်ကြောင်းလည်း သိရပါတယ်။
(Photo: Getty Images)
ထို့အတူ နိုင်ငံတကာအဖွဲ့အစည်းများ ဖြစ်ကြတဲ့ အာရှဖွံ့ဖြိုးမှုဘဏ်၊ ဘဏ္ဍာရေးတည်ငြိမ်မှုဆိုင်ရာဘုတ်အဖွဲ့၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့အစည်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့အစည်း၊ ကုလသမဂ္ဂ၊ ကမ္ဘာ့ဘဏ်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းနဲ့ ကမ္ဘာ့ကုန်သွယ်မှုဆိုင်ရာ အဖွဲ့အစည်းတို့မှ အကြီးအကဲတွေလည်း G20 အစည်းအဝေးကို တက်ရောက်ကြကြောင်း သိရပါတယ်။
Source: AFP, Reuters