ဘာစီလိုနာကတော့ ကွင်းလယ်လူ ဂါဗီ ဒဏ်ရာရပြီး ကာလရှည်အနားယူရတော့မှာဖြစ်လို့ စိတ်ပျက်ဖွယ်ရာ အခြေအေနတွေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည်း တဖက်မှာတော့ သူတို့ဟာ ဖီဖာဆီကနေ လျော်ကြေးအများအပြားရရှိဖို့ရှိနေပါတယ်။ ဂါဗီဟာ မနေ့ညက ကစားခဲ့တဲ့ ဂျော်ဂျီယာနဲ့ပွဲမှာ ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး အနည်းဆုံး ၈ လကြာ အနားယူရတော့မှာဖြစ်ပါတယ်။
ကစားသမားဟာ ဒီတရာသီလုံးကို အနားယူရတော့မှာဖြစ်ပြီး ယူရိုပြိုင်ပွဲနဲ့ အိုလံပစ်ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရပါပြီ။ အဝတ်လဲခန်းထဲမှာ ဂါဗီက ကလေးတဦးလိုပဲ ငိုကြွေးနေခဲ့ပြီး သူ့ရဲ့ ဒဏ်ရာရရှိခဲ့မှုအပေါ် နာကျင်ခံစားနေခဲ့ရတယ်လို့လည်း သိရပါတယ်။ ဘာကာကတော့ ဒီဖြစ်ရပ်အတွက် စပိန်ကို အကြီးအကျယ်ဒေါသထွက်နေပြီး အရေးမကြီးတော့တဲ့ပွဲမှာ သူတို့ကစားသမားကို ထည့်သုံးခဲ့တာကိုလည်း မေးခွန်းထုတ်နေပါတယ်။
ဖီဖာကတော့ သတ်မှတ်စည်းကမ်းအတိုင်း နိုင်ငံအသင်းအတွက် ပြန်ကစားပေးချိန်မှာ ဒဏ်ရာရရှိခဲ့ရင် လျော်ကြေးပေးရတော့မှာပါ။ ၂၈ ရက်အတွင်းမှာ ပေးချေရမှာဖြစ်ပြီး ဘာစီလိုနာဟာ ဒီဇင်ဘာ ၁၆ မှာ လျော်ကြေးစရဖွယ်ရှိပါတယ်။ တရက်တာ လျော်ကြေးအဖြစ် ယူရို ၂သောင်းကျော်ရရှိမှာဖြစ်ပြီး ကစားသမားဟာ ၆လကြာအနားယူရမယ်ဆိုရင် ယူရို ၃ သန်းကျော် ရရှိမှာပါ။
တကယ်လို့သာ ၈ လကြာအနားယူရမယ်ဆိုရင်တော့ ယူရို ၄.၃ သန်းအထိ ရရှိမှာလည်း ဖြစ်ပါတယ်။ စပိန်ဟာ ဒီပွဲမှာ ရမှတ်မလိုအပ်တော့ဘဲ ရှုံးရှုံးနိုင်နိုင် အရေးမကြီးတော့တဲ့ပွဲပါ။ ဒါပေမယ့် ဂါဗီကို ကြံ့ခိုင်မှုအပြည့်ရှိတာကြောင့် ထည့်သုံးခဲ့တာလို့ နည်းပြဒီလာဖူအန်တီက ပြောဆိုခဲ့ပြီး ကစားသမားအတွက်လည်း သူစိတ်မကောင်းဖြစ်မိရတယ်လို့ ပြောဆိုခဲ့ပါတယ်။