မန်ချက်စတာစီးတီးအသင်းနည်းပြ ပက်ဂွါဒီယိုလာဟာ မန်ချက်စတာစီးတီးအသင်းကို စွန့်ခွာသွားလိုတဲ့ဆန္ဒမရှိဘဲ နောက်ထပ် ၄ နှစ်လောက် အသင်းမှာ ဆက်နေချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့အပတ်က ဂွါဒီယိုလာဟာ ဂျူဗင်တပ်အသင်းနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့တာဖြစ်ပြီး အီတလီမှာ စိန်ခေါ်မှုအသစ်တွေပြုလုပ်ဖို့အတွက် မန်ချက်စတာစီးတီးအသင်းကနေ ထွက်ခွာဖို့စဉ်းစားနေတယ်လို့ ဖော်ပြခဲ့ကြတာဖြစ်ပါတယ်။
The Telegraph ရဲ့သတင်းအရ ဂွါဒီယိုလာဟာ မန်ချက်စတာမှာ နောက်ထပ် ၄ နှစ်လောက် ဆက်ရှိနေချင်သေးတယ်လို့ ၎င်းရဲ့သူငယ်ချင်းကို ရင်ဖွင့်ခဲ့တယ်လို့ သိရပါတယ်။ ဂွါဒီယိုလာရဲ့လက်ရှိစာချုပ်သက်တမ်းဟာ ၂၀၂၁ ခုနှစ်အထိ ကျန်ရှိနေသေးပြီး မန်ချက်စတာစီးတီးအသင်းနဲ့ နောက်ထပ် ၂ နှစ်သက်တမ်းတိုးဖို့ စဉ်းစားနေတာဖြစ်ပါတယ်။
ဂျူဗင်တပ်အသင်းနဲ့ အံ့အားသင့်ဖွယ်သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်မှာတော့ ဂွါဒီယိုလာက ယင်းသတင်းတွေဟာ အခြေအမြစ်မရှိတဲ့သတင်းတွေသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
“ကျွန်တော် ဒီမှာ နောက်ထပ် ၂ နှစ်ကျော်လောက် စာချုပ်သက်တမ်းရှိပါတယ်။ သူတို့တွေ မထုတ်ပယ်ခဲ့ဘူးဆိုရင် ကျွန်တော် ဘယ်ကိုမှ သွားမှာမဟုတ်ပါဘူး။ ကျွန်တော် နောက်ထပ် ၂ နှစ်လောက် ဒီမှာ ဆက်ရှိနေဖို့ မျှော်လင့်ပါတယ်။ တခြားဟာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်ကတော့ နည်းပြရာထူးကနေ ထုတ်ပယ်ခံရတာမဟုတ်ဘူးဆိုရင် ပြောင်းရွှေ့ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ နောက်ထပ် ၂ ရာသီအတွင်း ကျွန်တော် ဂျူဗင်တပ်အသင်းကို သွားမှာမဟုတ်ပါဘူး”လို့ ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။