လှပတဲ့သွင်းဂိုးတဂိုးကို ရယူခဲ့တာပါ။

ဂါလာတာစာရေးအသင်းကို ဘာစီလိုနာက အနိုင်ရရှိခဲ့တဲ့ပွဲမှာ အသင်းအတွက် ချေပဂိုးသွင်းယူပေးခဲ့တဲ့ ပီဒရီဟာ ဂိုးသွင်းယူချိန်မှာ ပြိုင်ဘက်နောက်ခံလူနှစ်ဦးကို ကွင်းကြမ်းပြင်ပေါ် လဲကျသွားစေခဲ့ပါတယ်။ ဘာစီလိုနာရဲ့ နောက်ဆုံးထုတ်ကုန်တခုဖြစ်တဲ့ အကယ်ဒမီကစားသမားပီဒရီဟာ အသင်းကြီးအတွက် မယုံနိုင်လောက်စရာခြေစွမ်းမျိုးတွေကို ပြသနေခဲ့တာလည်းဖြစ်ပါတယ်။ 

ဂါလာတာစာရေးက ၁ ဂိုးသွင်းယူပြီး ဦးဆောင်ထားချိန်မှာ ဘာစီလိုနာတို့ ချေပဂိုးရဖို့အတွက် ကြိုးစားနေခဲ့ရပါတယ်။ ပွဲကစားချိန် ၃၇ မိနစ်မှာတော့ ပြိုင်ဘက်ဂိုးဧရိယာအစပ်နားကနေ အပေးအယူလုပ်ရင်းနဲ့ ပီဒရီက ဧရိယာထဲမှာ ဘောလုံးရရှိသွားခဲ့ပြီးနောက် ကန်သွင်းမလိုဟန်နဲ့ ဂါလာတာစာရေးကစားသမားတဦးကို လှည့်စားခဲ့ပါတယ်။ အဆိုပါနောက်ခံလူဟာ လျှောထိုးဖျက်ထုတ်ခဲ့ပေမယ့် ပီဒရီက တကယ်ကန်မသွင်းဘဲ ဖိန့် ခဲ့တာပါ။ 

ဒီနောက် နောက်ထပ်ခံစစ်မှူးတဦးက ဖျက်ထုတ်ဖို့ ပြေးဝင်လာချိန်မှာလည်း ပီဒရီက ပထမနည်းလမ်းအတိုင်း ဖိန့် ခဲ့ရာမှာ အဆိုပါကစားသမားလည်း ကွင်းမြက်ခင်းပေါ်မှာသာ လဲကျကျန်နေရစ်ခဲ့ပြီး ဘာကာကြယ်ပွင့်က ချေပဂိုးကို အေးအေးဆေးဆေးနဲ့ တိတိကျကျကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။ 



ဒီသွင်းဂိုးအပေါ် ပရိသတ်အများအပြားက ချီးကျူးခဲ့ရာမှာ "ဒီကောင်လေးက ဘောလုံးလောကကို သိမ်းပိုက်တော့မယ်၊ သူက ဘယ်လိုကစားသမားလဲဟ၊ တကယ်ကို မှော်ဆန်တာပဲ" လို့ ချီးကျူးခဲ့ပါတယ်။ နောက်တဥိးကလည်း "တကယ့်စူပါချေပဂိုးပဲ ပီဒရီ၊ ထူးခြားဆန်းကြယ်တဲ့ အရည်အသွေး" လို့ ပြောဆိုခဲ့ကြောင်း Sportbible က ဖော်ပြခဲ့ပါတယ်။

အသက် ၁၉ နှစ်သာရှိသေးတဲ့ ပီဒရီကတော့ ဘာစီလိုနာနဲ့ စာချုပ်လျော်ကြေး ၁ ဘီလျံတန်ဖိုးရှိတဲ့စာချုပ်ချုပ်ဆိုထားသူဖြစ်ပါတယ်။ ဒီရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံ ၁၇ ပွဲကစားပေးထားပြီး ၃ ဂိုး သွင်းယူပေးထားကာ အဓိကကစားသမားအဖြစ် ပါဝင်ခွင့်ရရှိနေပါတယ်။ 

Share

က္က