AndroidOS Update ၄ နှစ် ရမယ့် Samsung ရဲ့ Galaxy A စီးရီး Mid-Range ဖုန်းသစ် ၃ မျိုး ထွက်ရှိလာပါတယ်။
Galaxy A73 ၊ A53 နဲ့ Galaxy A33 ဖုန်းသစ်သုံးမျိုးထဲမှာ Galaxy A73 5G က ပရီမီယံအကျဆုံးဖြစ်ပြီး Galaxy A စီးရီးတွေထဲမှာ ပထမဆုံး 108MP ကင်မရာပါတဲ့ဖုန်းလည်း ဖြစ်ပါတယ်။ Galaxy A73 5G ဟာ ၆.၇ လက်မ Super AMOLED+ Infinity O display နဲ့လာပြီး 120Hz Refresh Rate သုံးထားပါတယ်။ ရေစိုဖုန်တင်မှုဒဏ်ကို IP67 Rating ခံနိုင်ရည်ရှိပြီး ဒီဇိုင်းကိုလည်း လူငယ်အကြိုက် သွက်လက်ဆန်းသစ်တဲ့ဟန်နဲ့ပဲ လာပါတယ်။
Galaxy A75 5G ဟာ Snapdragon 778G Chipset သုံးထားပြီး RAM 6/8GB ၊ 128GB/256GB Storage တွေနဲ့ လာသလို microSD Card slot နဲ့လည်း 1TB အထိ ထပ်တိုးနိုင်အောင် ထုတ်ထားတယ်လို့ ဆိုပါတယ်။ ဘက်ထရီပါဝါ 5000mAh အကြီးစား ပါဝါနဲ့ လာပြီး 25W charging ပဲ သုံးထားပါတယ်။ တခြား Galaxy A53 ၊ Galaxy A33 တို့လိုပဲ major AndroidOS Update ၄ နှစ် နဲ့ ၅ နှစ်စာ Security Updates တို့ ပေးသွားမယ်လို့ ဆိုပါတယ်။
ရှေ့ဘက် ကင်မရာပေါက်ထဲမှာ 32MP Selfie ကင်မရာ ပါရှိပြီး ကျောဘက် စတုဂံကင်မရာအိမ်ထဲမှာ Samsung ရဲ့ 108MP main sensor ၊ 12MP Ultrawide ၊ 5MP Depth Sensor နဲ့ 5MP Macro ကင်မရာတို့ သုံးထားပါတယ်။ Galaxy A72 လိုမျိုး 8MP 3x zoom sensor မပါပေမယ့် အကြီးစား ရုပ်ထွက်မြင့်ကင်မရာ Sensor ကြောင့် အဝေးရိုက်မြင်ကွင်းတွေကို zoom in ဆွဲရိုက်ရာမှာ အတော်အတန်အဆင်ပြေဖို့ ရှိပါတယ်။
Galaxy A73 က ဧပြီ ၂၂ ရက်နေ့မှာ သီးသန့်ဈေးကွက်တွေထဲ ဖြန့်ချိမှာ ဖြစ်ပြီး လောလောဆယ် ဈေးမသိရသေးပါဘူး။ သိရတဲ့အချက်တစ်ခုကတော့ ဖုန်းဗူးထဲမှာ charger နဲ့ နားကြပ်ပါလာတော့မှာ မဟုတ်ဘူးဆိုတာပါပဲ။ နောက်ထပ် 5G ဖုန်းတစ်လုံးဖြစ်တဲ့ Galaxy A53 5G ကလည်း ဒီဇိုင်းပိုင်းမှာ Galaxy A73 နဲ့ ဆင်ပြီး ရှေ့ Display နဲ့ ကျောဘက်ကင်မရာအထားအသိုကအစ တစ်ပုံစံတည်းလို့ ဆိုနိုင်ပါတယ်။
Galaxy A53 က ၆.၅ လက်မဆိုဒ် Super AMOLED Display နဲ့လာပြီး FHD+ ရုပ်ထွက် နဲ့ 120Hz Refresh Rate ပါလာပါတယ်။ ဒီဖုန်းမှာလည်း 32MP Punch Hole Selfie ကင်မရာပဲ သုံးထားတာပါ။ ကျောဘက်ကင်မရာအနေနဲ့ 108MP sensor အစား 64MP main sensor သုံးတာကလွဲရင် ကျန်တဲ့ ကင်မရာ sensor တွေက အတူတူပဲ ဖြစ်ပါတယ်။
ဘက်ထရီပါဝါလည်း 25W Charging ၊ 5000mAh သုံးထားတာပါ။ IP67 Rating ပါပြီး 3.5mm headphone jack ဖြုတ်ထားတာကလည်း Galaxy A73 5G အတိုင်းပဲ ဖြစ်ပြီး သူကတော့ Galaxy A73 လိုမျိုး Under-Display လက်ဗွေမဟုတ်ဘဲ ဘေးဘောင် Side-Mounted စနစ် သုံးလာတာပါ။ ဧပြီ ၁ ရက်နေ့ စတင်ရောင်းချသွားမှာ ဖြစ်ပြီး 6/128GB မော်ဒယ်ကို ဒေါ်လာ ၄၅၀ (မြန်မာငွေ ၈ သိန်းခွဲကျော်) ဈေးကနေ စတင် ရောင်းချသွားမယ်လို့ ဆိုပါတယ်။
Galaxy A33 5G ကတော့ ၆.၄ လက်မဆိုဒ် Super AMOLED display နဲ့လာပြီး FHD+ ရုပ်ထွက် 90Hz Refresh Rate နဲ့လာပါတယ်။ သူကတော့ ရှေ့ ဆယ်လ်ဖီ notch ပေါက်နဲ့ လာပြီး 13MP Selfie ကင်မရာ သုံးထားပါတယ်။ ကျောဘက်မှာ 48MP Main Sensor ၊ 8MP Ultrawide Sensor ၊ 5MP Macro နဲ့ 2MP Depth Sensor တို့ တပ်ဆင်ထားပါတယ်။
ကျန်တဲ့ အချက်အလက်တွေက Galaxy A53 5G နဲ့ အတူတူပဲ ဖြစ်ပြီး ဘက်ထရီအားသွင်းစနစ်ကတော့ 15W charging ပဲ ပံ့ပိုးထားတာပါ။ 6/128GB နဲ့ 8/256GB ဗားရှင်းနှစ်မျိုး ထွက်ထားပြီး microSD Card slot ကနေ 1TB အထိ ထပ်တိုးနိုင်မှာပါ။ Galaxy A53 5G နဲ့ A33 5G ကို Android 12 အခြေခံ OneUI 4.1 စနစ်နဲ့ ထုတ်ထားပြီး သုံးထားတဲ့ processor ဟာ 5nm chipset သစ်လို့ပဲ ပြောထားပြီး နာမည်ကိုတော့ ထုတ်ပြောခြင်း မရှိပါဘူး။ Galaxy A33 5G (6/128GB) ဗားရှင်းကို ပေါင် ၃၃၀ မြန်မာငွေ ၇ သိန်းခွဲကျော် ဈေးနဲ့ ရောင်းချသွားမယ်လို့ ဆိုပါတယ်။