ဆိုဖီယာက မကြာခင်မှာ ဂျာမနီနိုင်ငံကို အပြီးသွားမယ့် ချစ်သူ အောင်ဝင်းဇော်အတွက် အဆင်ပြေပါစေလို့ ဆုတောင်းပေးပါတယ်တဲ့။ တစ်ယောက်နဲ့ တစ်ယောက် Long Distance Relationship ဖြစ်တော့မယ့် ခံစားချက်တွေကို ဆိုဖီယာက ပြောလာပါတယ်။
Photo: ဆိုဖီယာ
ဆိုဖီယာက မေလအတွင်းမှာ ဂျာမနီနိုင်ငံကို အပြီးထွက်သွားတော့မယ့် ချစ်သူအတွက် သူမရဲ့ ခံစားချက်တွေကို ပြောပြလာပါတယ်။ သူမကတော့ မြန်မာနိုင်ငံမှာပဲ နေခဲ့မယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။
‘’သူက ဂျာမနီကို သွားမှာပါ။ ဆိုဖီယာ သိသလောက်ကတော့ သူ ဂျာမနီကို အပြီးသွားမယ်လို့ ကြားထားတယ်။ ဒီလထဲ ထွက်ဖြစ်မယ်ပေါ့။ ဟိုသွားမယ်၊ သူ ကျောင်းလည်းတက်မယ်၊ အလုပ်လည်း လုပ်မယ်ပေါ့နော်။ ဆိုဖီယာကပဲ အလည်သဘောအနေနဲ့ တစ်နှစ် တစ်ခေါက်လောက်ပဲ သွားဖြစ်ဖို့ရှိတယ်’’ လို့ ဆိုပါတယ်။
Photo: ဆိုဖီယာ
သူမဟာ အဝေးရောက်ချစ်သူ တစ်ခါမှ မထားခဲ့ဖူးဘူးလို့ သိရပါတယ်။ အခုလို အခြေအနေမျိုးမှာလည်း ဆိုဖီယာ့အတွက် ထွေထွေထူးထူး ခံစားချက် မရှိသေးပါဘူးတဲ့။
‘’ LDRS တော့ ဖြစ်သွားမှာပေါ့။ အခုတော့ ဘယ်လိုမှ မခံစားရသေးဘူး၊ မသွားသေးတော့လေ။ သွားမှပဲ ခံစားချက်ကိုသိမှာ။ ကိုယ်တိုင်က LDRS ကို နဂိုကတည်းက အယုံအကြည်မရှိဘူး။ အဲဒီလိုမျိုးဆိုရင်လည်း မတွဲဘူး။ အခုကလည်း မသိထားဘူးပေါ့နော်။ တွဲပြီးမှ သွားရမယ်ဆိုတာ သိလာတော့ ကိုယ်ကလည်း ဘာပြောရမှန်းလည်း မသိဘူး။ တွေ့ကြုံလာမှပဲ သိမှာပေါ့နော်’’ ဆိုပြီးတော့ သူမရဲ့ မွေးနေ့ အလှူမှာ ပြောပြခဲ့တာပါ။
Photo: ဆိုဖီယာ
မကြာခင် ခွဲရတော့မယ့် ဆိုဖီယာတို့ စုံတွဲလေးဟာ တစ်ယောက်နဲ့ တစ်ယောက် ဖေးမကူညီမှုတွေပဲ ရှိတယ်လို့ ဆိုပါတယ်။ စိတ်မကောင်းတာမျိုးတော့ မဖြစ်ဘူးလို့ ဆိုဖီယာက ပြောပါတယ်။
‘’ နှစ်ယောက်စလုံးက စိတ်မကောင်းမဖြစ်ဘူးဆိုတာ မရှိဘူး။ သူဆိုလည်း သံရုံးသွားရင် အဆင်ပြေပါစေလို့ ဆုတောင်းတယ်။ သူကလည်း ကိုယ့်ကို ဒီဘက်မှာ အောင်မြင် စေချင်တယ်။ အချစ်ရေးကို စောင့်ကြည့်တဲ့ ပရိသတ်တွေလည်း ဆက်စောင့်ကြည့်ပါ။ ဆိုဖီယာလည်း စောင့်ကြည့်နေပါတယ်။ ကိုယ့်ဘာသာ ကိုယ်တောင် မသိဘူး’’ ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ပြောပြခဲ့ပါတယ်။
Photo: ဆိုဖီယာ
ဆိုဖီယာနဲ့ ချစ်သူဖြစ်တဲ့ အောင်ဝင်းဇော် တို့ စုံတွဲလေးဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့က ချစ်သူ သက်တမ်း တစ်နှစ်ပြည့်ခဲ့ကြတာပါ။ သူတို့ နှစ်ဦးရဲ့ အချစ်ရေးကိုတော့ နှစ်ဖက်မိဘလည်း သိထားပြီးသားဖြစ်သလို ပရိသတ်တွေလည်း သိထားပြီးသားဖြစ်ပါတယ်။
ဆိုဖီယာကိုတော့ Myanmar Idol Season 2 သီချင်းဆိုပြိုင်ပွဲကြီး ပြီးတဲ့နောက်Crush On You ဆိုတဲ့ တစ်ကိုယ်တော်တေးသီချင်းထွက်ရှိခဲ့ပါတယ်။ အဲ့ဒီနောက် သူ့အနေနဲ့အွန်လိုင်းကနေပဲ သီချင်းအသစ်တွေ ဖန်တီးပေးနေတာဖြစ်ပါတယ်။ ဆိုဖီယာဟာ ဂီတဘက်မှာအောင်မြင်နေရုံသာ မက သရုပ်ဆောင်အဖြစ်နဲ့လည်း ဇာတ်ကားတွေရိုက်ကူးထားတယ်လို့ သိရပါတယ်။
Share