COVID-19 ထိန်းချုပ်ရေး lockdown အစီအမံ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် ဘီယာတွေ မရောင်းချနိုင်ခဲ့ပါဘူး။

ဂျာမနီနိုင်ငံမှာ COVID-19 ထိန်းချုပ်ရေး lockdown အစီအမံ ပိတ်ပင်ကန့်သတ်မှုတွေကြောင့် စားသောက်ဆိုင်တွေနဲ့ ဟိုတယ်တွေကို ပို့ဆောင်နိုင်ခြင်းမရှိဘဲ ရောင်းမရခဲ့တဲ့ ဘီယာတွေကို ဘီယာချက်စက်ရုံတစ်ရုံက ယမန်နေ့ (မေ ၇ ရက်နေ့) မှာ အခမဲ့ ပေးဝေခဲ့တယ်လို့ ဆိုပါတယ်။

(ဘီယာ အခမဲ့ရယူရန် တန်းစီနေသူများ) (Photo: Reuters)

Willinger ဘီယာစက်ရုံက ဘီယာ လီတာပေါင်း ၂,၆၀၀ ကို အခမဲ့ ပေးဝေခဲ့တာ ဖြစ်ပါတယ်။ ဂျာမနီအနောက်ပိုင်း Hesse ပြည်နယ်ရှိ Willinger ဘီယာစက်ရုံရဲ့ ပိုင်ရှင်တွေက မရောင်းချနိုင်ခဲ့တဲ့ ဘီယာတွေကို လွှင့်ပစ်ခြင်းထက် အခမဲ့ ပေးဝေလိုက်ရန် ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘားဆိုင်တွေ ပြန်ဖွင့်ခွင့်ပြုချိန်မှာ ဘီယာသိုလှောင်ကန်တွေထဲသို့ နောက်ထပ် ချက်လုပ်ထားတဲ့ ဘီယားများထည့်နိုင်ရန်အတွက် သိုလှောင်ကန်တွေကို အလွတ်ဖြစ်နေရန် လိုအပ်ခဲ့ကြောင်း စက်ရုံပိုင်ရှင် Franz Mast က ပြောပါတယ်။



Willinger ဘီယာများ အခမဲ့ ပေးဝေတဲ့အစီအစဥ်ဟာ အဆင်ပြေခဲ့တယ်လို့ ဆိုပါတယ်။ လူဦးရေ ဒါဇင်အများအပြားက ဘီယာစက်ရုံအပြင်ဘက်မှာ ဘေးကင်စေတဲ့ အကွာအဝေး သတ်မှတ်ချက်အတိုင်း တန်းစီစောင့်ဆိုင်းပြီး ဘီယာများကို ရယူခဲ့ကြပါတယ်။ အများအပြားက အိတ်များနဲ့ ဘူးများနဲ့အပြည့် ဘီယာတွေထည့်ကာ အိမ်ကိုယူသွားခဲ့ကြတယ်လို့ သိရပါတယ်။

(အခမဲ့ ပေးဝေခဲ့တဲ့ ဘီယာပုလင်းများ) (Photo: Reuters)

"ကျွန်တော် ဒီလူတွေကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော်တို့ ပြန်ဖွင့်ရင်လည်း သူတို့က အားပေးကြမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်၊ သူတို့ ဒီကိုလာပြီး ကျွန်တော်တို့ ဘီယာကို ညွှန်းဖို့ပေါ့" လို့ Franz Mast က Reuters Television ကို ပြောပါတယ်။ Willinger ဘီယာစက်ရုံရဲ့ ကနဦး အစီအစဥ်အရ ဘီယာ လီတာ ၅၄၀ ကို အခမဲ့ ပေးဝေရန်ဖြစ်ပေမဲ့ ထိုအရေအတွက်ဟာ နာရီပိုင်းအတွင်း ကုန်သွားခဲ့တယ်လို့ သိရပါတယ်။

"ဘီယာတွေ လာယူတာက ဘီယာစက်ရုံကို အကူအညီဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ ဒါကြောင့် ဒီမှာရောက်နေကြတာပါ၊ ဒီနည်းနဲ့ ဒီနေ့ ညနေပိုင်းကျရင် ပန်းခြံထဲမှာထိုင်နိုင်ကြမယ်၊ နေပူစာလှုံနိုင်ကြမယ်၊ ပြီးတော့ အရသာရှိတဲ့ Willinger ဘီယာလေးနဲ့ပေါ့" လို့ ဘီယာသောက်သုံးသူ နာတာလီဂျူလီယက်စ်က ပြောပါတယ်။

(၂၀၁၉ ခုနှစ် Bavaria's Oktoberfest ဘီယာပွဲတော်) (Photo: LiveTradingNews)

ဂျာမန်ဘီယာတွေကို အထူးသဖြင့် တရုတ်နဲ့ အီတလီ အပါအဝင် ပြည်ပသို့ တင်ပို့ရောင်းချရမှု ထိုးကျသွားခဲ့ရာ ဘီယာစက်ရုံများ စီးပွားရေးပြိုလဲမှု ရင်ဆိုင်နေရကြောင်း ဘာလင်မြို့အခြေစိုက် ဂျာမန်ဘီယာချက်စက်ရုံများအသင်း Deutsche Brauer Bund က သတိပေးထားခဲ့ပါတယ်။

ထို့အတူ ဂျာမနီမှာလည်း COVID-19 ထိန်းချုပ်ရေး lockdown အစီအမံများကြောင့် စားသောက်ဆိုင်များနဲ့ ဘားဆိုင်များ ပိတ်ထားပြီး ဘောလုံးကွင်းများလည်း လူမရှိဘဲဖြစ်နေခဲ့ရာ ပြည်တွင်းဈေးကွက် ဘီယာရောင်းအားလည်း သိသာစွာ ကျဆင်းခဲ့ပါတယ်။ ဒါ့အပြင် ဂျာမနီမှာ နှစ်စဥ် ကျင်းပပြုလုပ်လေ့ရှိတဲ့ ကမ္ဘာ့အကြီးဆုံး Bavaria's Oktoberfest ဘီယာပွဲတော်ကြီးကိုလည်း ဖျက်သိမ်းထားခဲ့ရ‌ကြောင်း Reuters သတင်းမှာ ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က