COVID-19 တိုက်ဖျက်ရေး lockdown အစီအမံများ နောက်ထပ် ဖြေလျှော့ပေးရန်ရှိနေပါတယ်။

COVID-19 တိုက်ဖျက်ရေး lockdown အစီအမံတွေကို စတင်ဖြေလျှော့ပေးနေခဲ့တဲ့ ဂျာမနီနိုင်ငံမှာ မကြာမီ ဆိုင်များအားလုံး ပြန်ဖွင့်ပြီး ဘောလုံးပွဲများ ပြန်စခွင့်ပြုတော့မယ်လို့ သတင်းထွက်ပေါ်လာပါတယ်။

(Photo: Reuters)

ဂျာမနီနိုင်ငံ ပြည်နယ်ဝန်ကြီးချုပ်များက မနက်ဖြန် (မေ ၆ ရက်) မှာ အဓိပတိ အန်ဂျလာမာကယ်နဲ့ ကျင်းပပြုလုပ်သွားမယ့် အွန်လိုင်းအစည်းအဝေးအတွင်း COVID-19 တိုက်ဖျက်ရေး ပိတ်ပင်ကန့်သတ်မှုများကို နောက်ထပ် ဖြေလျှော့မှုတွေ ခွင့်ပြုပေးရန် သဘောတူညီကြလိမ့်မယ်လို့ အစည်းအဝေးပြင်ဆင်မှုနဲ့ နီးစပ်မှုရှိသူနှစ်ဦးက Reuters သတင်းဌာနကို မေ ၄ ရက်နေ့က ပြောပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်တွေက ဆိုင်ကြီးများကို မေ ၁၁ ရက်နေ့မှာ ပြန်လည်ဖွင့်ခွင့်ပြုရန် မီးစိမ်းပြလိမ့်မယ်လို့ မျှော်လင့်ရကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။



(Photo: AFP)

ဂျာမနီမှာ ဆိုင်သေးတွေကိုတော့ အစောပိုင်းကတည်းက ပြန်ဖွင့်ခွင့်ပေးခဲ့ပါတယ်။ ဆိုင်များအနေနဲ့ ကူးစက်မြန်တဲ့ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံမှုနှေးကွေးစေရေး လူအချင်းချင်း ထိတွေ့မှုနည်းစေရန် ခပ်ခွာခွာနေကြရမယ့် စည်းမျဥ်းစည်းကမ်းတွေကို လိုက်နာအကောင်ထည်ဖော်နေသရွေ့ ဖွင့်လှစ်ခွင့်ပြုထားပါတယ်။ ဂျာမန်ပြည်နယ်တွေက ဘွန်ဒက်စ်လီဂါ ဘောလုံးပြိုင်ပွဲတွေကိုလည်း ပရိသတ်မပါဘဲ ကွင်းပိတ်ကစားစေမယ့် တင်းကျပ်တဲ့ ကန့်သတ်ချက်တွေနဲ့အတူ မေ ၁၅ ရက်နေ့မှာ ပြန်စခွင့်ပြုသွားမယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

(Photo: AFP)

တစ်ချိန်တည်းမှာပင် ပြည်နယ်ဝန်ကြီးချုပ်တွေက အပျော်တမ်းနဲ့ ကလေးငယ်များ ပြင်ပနေရာတွေမှာ အားကစားပြုလုပ်ခြင်းကိုလည်း ပြန်လည်ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ထို့အတူ ကျောင်းများကို တစ်ဆင့်ချင်း ပြန်ဖွင့်ခွင့်ပြုပြီး ကလေးငယ်တွေကို နေ့စဥ်မဟုတ်ဘဲ အလှည့်ကျ ကျောင်းတက်ရတဲ့စနစ် ကျင့်သုံးစေမယ်လို့လည်း Reuters ရဲ့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က